စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှု ၁၂ ရက်မြောက်

Tom Andrews

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ၁၂ ရက်မြောက်နေ့မှာတော့ ရန်ကုန်မြို့လည်ခေါင်မှာ ခုချိန်ထိဆိုရင် အကြီးမားဆုံးလို့ပြောကြတဲ့ ဆန္ဒပြပွဲဖြစ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အင်အားသုံး နှိမ်နင်းဖြိုခွဲမယ့်အပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က ပြောခဲ့အပြီး နောက်တစ်ရက်မှာပဲ အခုလို ဆန္ဒပြပွဲကြီးဖြစ်ခဲ့တာပါ။

အဲဒီဆန္ဒပြပွဲမှာ ထင်ရှားတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က အသံသွင်းထားတဲ့ ပြောဆိုချက်ကို ပေးပို့ပြီးတော့ ဆန္ဒပြပွဲအတွင်း ဖွင့်ပြီး နားထောင်ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲတွေနဲ့အတူ အစိုးရဝန်ထမ်းတွေ အလုပ်မဆင်းဘဲ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုကိုလည်း တပြိုင်နက်ထဲမှာ လုပ်ဆောင်နေကြတာဖြစ်ပြီးတော့ အောင်မြင်မှုရမယ်လို့ ယုံကြည်တဲ့အကြောင်း ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

"စစ်အစိုးရက ခနခနပြောတယ် ။ ဝန်ထမ်းတွေရုံးတက်ကြပါ။ ရုံးတက်ကြပါဆိုပြီ။ သူတို့တောင်မှ တပ်ပျက်နေပြီ။ ဒီတော့ကျနော်တို့ CDM ကိုဆက်ပြီး တွန်းအားပေးပါ။ ဆက်ပြီဖိအားပေးပါ။ သူတို့လမ်းပေါ်ထွက်တာအပြင်ကို ဝန်ထမ်းတွေအနေနဲ့ကလည်း CDM ကိုဆက်လုပ်မယ်ဆိုလို့ရှိရင် ဒီယန္တယားကြီးက လုံးဝရပ်တန့်သွားမယ်ဆိုတာ ကျနော်တို့လုံးဝယုံကြည်ပါတယ်။ "

ရန်ကုန်မြို့က ဒီကနေ့ဆန္ဒပြပွဲမှာ အထူးခြားဆုံးလို့ပြောရမှာကတော့ အိမ်စီးကိုယ်ပိုင်ကားတွေအပါအဝင် မော်တော်ယာဉ်အများအပြား ကားပျက်တယ်ဆိုပြီး လမ်းတွေပေါ်မှာ ပိတ်ဆို့ထားခဲ့ကြတာပါ။ ကားပျက်နေတယ်လို့ရေးထားပြီး CDM စာလုံးတွေပါရေးထားတဲ့ စာရွက်တွေ၊ ဆိုင်းဘုတ်တွေ ကားအတော်များများမှာ ကပ်ထား ချိတ်ထားတာတွေ့ရပါတယ်။

ဒါဟာ CDM လှုပ်ရှားမှုမှာမပါဝင်ဘဲ ခုချိန်ထိ အလုပ်သွားနေသူတွေကို တားဆီးဖို့ဖြစ်သလို ဆန္ဒပြပွဲတွေကိုဖြိုခွဲမယ့် ရဲနဲ့စစ်ကားတွေ မသွားနိုင်အောင်ဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်က အင်အားသုံးနှိမ်နင်းတာတွေရှိခဲ့တဲ့ မန္တလေးမြို့မှာ ဒီကနေ့တော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တဲ့အကြောင်း အဲဒီမှာရှိနေတဲ့ ဗွီအိုအေသတင်းထောက်ကပြောပါတယ်။ CDM လှုပ်ရှားမှုတစိတ်တပိုင်းအဖြစ် ရထားတွေမထွက်ဖို့ မန္တလေး ဒီဇယ်စက်ခေါင်းစက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

နေပြည်တော်မှာလည်း ကျောင်းဆရာ ဆရာမတွေ၊ သူနာပြုတွေ၊ ဘဏ်ဝန်ထမ်းတွေအပါအဝင် အစိုးရဝန်ထမ်းတွေ CDM လှုပ်ရှားမှုကို ထောက်ခံပြီး ဆန္ဒပြတဲ့ထဲ ပါဝင်ခဲ့ကြပါတယ်။

ကြံခင်းမြို့ ဆန္ဒပြပွဲမှာဆိုရင် ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်လာတာကို ဆိုရှယ်မီဒီယာမှာပျံ့နေတဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

စစ်ကောင်စီက တနင်္လာနေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တက်ရေးမတက်ရေးနဲ့ပတ်သက်လို့ သတင်းမီဒီယာသမားတွေကြားမှာ သဘောထားကွဲပြားမှုတွေရှိခဲ့ပြီး အများစုက မတက်ဘဲ CDM လှုပ်ရှားမှုအရ ကန့်ကွက်ခဲ့ကြပြီးတဲ့နောက် ဒီကနေ့မှာတော့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်တချို့ နုတ်ထွက်ကြတာကို သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ ကိုယ်တိုင်ရေးထားတာတွေ့ရပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/day-12-for-protest-against-military-coup/5781709.html

စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှု ၁၂ ရက်မြောက် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှု ၁၂ ရက်မြောက် Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.