ဖမ်းဆီးခံ ရဲဝန်ထမ်းညီအစ်ကိုနှစ်ဦးအတွက် မိသားစုတွေ စိုးရိမ်



စစ်အာဏာသိမ်းတာ ကို ဆန့်ကျင်ကြောင်း လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားလို့ ဖမ်းဆီးခံရတဲ့ ကြံခင်းမြို့က ရဲဝန်ထမ်းညီအစ်ကို ကို ပုသိမ်မြို့မှာ ဖမ်းဆီးထားတယ် သတင်းကြားလို့ သူတို့ရဲ့ မိဘတွေက ဖေဖော်ဝါရီ ၂၃ ရက်နေ့က သွားရောက် စုံစမ်းရှာဖွေခဲ့ပါတယ်။

ရဲဝန်ထမ်းညီအစ်ကိုနှစ်ဦးကို ကြံခင်းမြို့မရဲစခန်းမှာ ချုပ်ထားရာကနေ ပုသိမ်ကို ခေါ်သွားလို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ သွားရောက် စုံစမ်းရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့ဘူးလို့ သူတို့ရဲ့ ဖခင် ဦးသန့်စင် က ပြောပါတယ်။

“သူတို့ဆီက ရတဲ့စကားကတော့ ဒီမှာနှစ်ရက်ပဲ ထားပါတယ်။ တခြားကို ခေါ်သွားပါပြီလို့ ပြောပါတယ်။ အဲ့ဒါဆိုရင် ကျွန်တော့်သားတွေကို တခြားခေါ်သွားတယ်ဆိုရင် ဘယ်ကို ကျွန်တော်တို့ သိချင်တယ်ဆိုတော့ အဲ့ဒါက သူတို့ ဆီက တုံ့ပြန်မှု မရခဲ့ဘူး“

ရဲဝန်ထမ်းညီအစ်ကို နှစ်ဦးဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ က အဖမ်းဆီးခံရတာဖြစ်ပြီး မိဘတွေ နဲ့ တွေ့ခွင့်မရလို့ ဖခင်ဖြစ်သူ ဦးသန့်စင်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့ က ကြံခင်းရဲစခန်းရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပြီးတဲ့ နောက်ရက်မှာ ရဲဝန်ထမ်းညီအစ်ကို ကို ကြံခင်းမြို့မ ရဲစခန်းကနေ ပုသိမ်မြို့ကို ပို့လိုက်တာ ဖြစ်တယ်လို့ ဦးသန့်စင် က ပြောပါတယ်။

သူတို့ နှစ်ဦးနဲ့ ပတ်သတ်ပြီး ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ထွန်းရွှေကတော့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ မရှိဘူးလို့ RFA ကို ပြောပါတယ်။

“စစ်ဆေးတာက တခြားလူတွေ စစ်တာ ကျွန်တော်တော့ မသိပါဘူး ခင်ဗျာ။ မသိဘူးခင်ဗျ၊ မဟုတ်ပါဘူး။ တိုင်းရဲတပ်ဖွဲ့မှူးရုံးထဲမှာ မရှိပါဘူး"

သားတွေကို မတွေ့ရတဲ့အပြင် သားတွေအတွက် ချက်ပြုတ်လာတဲ့ အစားအသောက်တွေကိုပါ ပေးခွင့်မရခဲ့ဘူးလို့ ရဲဝန်ထမ်းညီအစ်ကိုရဲ့မိခင် ဒေါ်နွယ်နွယ်စိုးက ပြောပါတယ်။

“အန်တီ ဒေါသ ဖြစ်တာက ကြော်လှော်လာတဲ့ ပစ္စည်းတွေကို ပြန်ယူသွားခိုင်းတာက အန်တီ ဒေါသအဖြစ်ဆုံးပဲ။ မိဘချင်း သူတို့မှာ ကိုယ်ချင်းစာစိတ်မရှိဘူး။ သူတို့က လူတစ်စု ကောင်းစားရေး အတွက်ပဲ၊ အာဏာရှင်ကိုသာ သူတို့က အထက်ကလူကြီးတွေအတွက်ပဲ လုပ်ပေးနေတာ၊ အောက်ကလူတွေ ကို တစ်စက်မှ မကြည့်ဘူး။ ပြည်သူပြည်သားတွေ အန်တီတို့တင် မကဘူး။ တစ်နိုင်ငံလုံး မျက်ရည်ပေါက် ကြီးငယ်ကျနေတာ၊ သေတဲ့ ကြေတဲ့ကလေးတွေရဲ့ မိဘတွေလည်း ဘယ်လောက်ခံစားရမလဲ။ သူတို့နားမလည်ကြဘူးလား၊ ပြည်သူတွေအပေါ်မှာ တစ်စက်မှ ကိုယ်ချင်းစာစိတ်မရှိတဲ့ အာဏာရှင်တွေ သူတို့ကောင်းစားရေးနဲ့ သူတို့ မိသားစု ဆွေစဉ်မျိုးဆက် ကြီးပွားချမ်းသာဖို့အတွက် လုပ်နေတာ။ အန်တီတော့ ရွံရှာမုန်းတီးတယ် အာဏာရှင်ကို”

ရဲဝန်ထမ်းညီအစ်ကိုနှစ်ဦးကို ကြံခင်းမြို့မရဲစခန်းမှာ ဖမ်းထားစဉ်က တွေ့ခွင့်မရပေမယ့် သားတွေက ပို့ပေးတဲ့ သူတို့ရေးတဲ့ ကဗျာလေးတွေ ဖတ်ခွင့်ရသေးတယ်လို့ သူတို့ရဲ့ဖခင် ဦးသန့်စင်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ ရဲဝန်ထမ်းညီအစ်ကိုနှစ်ဦးကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မိဘတွေက မသိရှိရသေးပါဘူး။

RFA Burmese



ဖမ်းဆီးခံ ရဲဝန်ထမ်းညီအစ်ကိုနှစ်ဦးအတွက် မိသားစုတွေ စိုးရိမ် ဖမ်းဆီးခံ ရဲဝန်ထမ်းညီအစ်ကိုနှစ်ဦးအတွက် မိသားစုတွေ စိုးရိမ် Reviewed by THITHTOOLWIN on 07:53 Rating: 5

No comments:

Powered by Blogger.