တပ်မတော်က နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာယူပြီး တပတ်ကျော်အကြာ ၈ ရက်နေ့မှာဘဲ အွန်လိုင်းစာမျက်နှာတွေမှာ စစ်အစိုးရ ဆန့်ကျင်ရေး ရေးသားတာတွေ၊ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့ ဆိုက်ဘာ လုံခြုံရေးဥပဒေကြမ်းကို ကြေညာခဲ့ပါတယ်။
ဒီဥပဒေကြမ်း ကြေညာပြီးနောက်ပိုင်းမှာပဲ အရပ်ဖက်အဖွဲ့ ၂၀၀ ကျော်က ကန့်ကွက်ခဲ့သလို ကွန်ပျူတာ လုပ်ငန်းရှင်အသင်း၊ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် စတဲ့အဖွဲ့တွေကလည်း ဥပဒေပါ အချက်အလက်တွေဟာ လိုက်နာဖို့ခက်ခဲတာအပါအဝင် ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အနှောင့်အယှက် ဖြစ်နေတာကြောင့်ဆိုပြီး ကန့်ကွက်တာတွေရှိခဲ့ပါတယ်။
ဒီလိုကန့်ကွက်နေချိန်မှာ ၂၀၀၄ ခုနှစ်က ပြဌာန်းပြီး ရွှေဝါရောင်အရေးအခင်းမှာ နိုင်ငံရေး သမားတွေကို အဓိကထား တရားစွဲဆိုခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်ပါတယ်။
ဒီဥပဒေဟာ ၂၀၁၄ မှာ ထောင်ဒဏ်တွေ လျော့ပေါ့ခဲ့ပေမယ့် ပြင်ဆင်တဲ့ဥပဒေမှာ ထောင်ဒဏ်တွေ ပြန်လည်ထည့်သွင်းထားတယ်လို့ မြန်မာနိုင်ငံ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ MIDO က မထိုက်ထိုက်အောင်က ပြောပါတယ်။
“၂၀၀၄ တုန်းကဆိုရင် အဲဒီဥပဒေက နိုင်ငံရေးသမားတို့ ဘာတို့ကို တရားစွဲဆိုတဲ့အခါ ဒီဥပဒေကို သုံးပြီးတော့ စွဲဆိုကြတယ်၊ ဒါပေမဲ့ ၂၀၁၄ မှာကြတော့ ထောင်ဒဏ်တွေ လျော့လိုက်တယ်၊ ထောင်ဒဏ်တွေ မဖြစ်တော့ဘဲ ငွေဒဏ်တွေကို လျော့လိုက်တယ်၊ အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာဆိုရင် ထောင်ဒဏ်တွေကို ထည့်လိုက်တယ်ပေါ့နော်၊ အွန်လိုင်းပေါ်မှာ ရေးသားတဲ့ဟာတွေကို ထောင်ပြန်ချလို့ရတယ်ဆိုတဲ့ ပုံစံပြန်ဖြစ်သွားတာပေါ့နော်၊ အဲဥစ္စာက ဒီအထဲမှာ ပြောစရာအရေးကြီးဆုံး အချက်လို့ထင်တယ်”
အီလက်ထရောနစ်ဥပဒေကို စစ်အစိုးလက်ထက် ၂၀၀၄ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ဒီဥပဒေနဲ့ အနုပညာရှင် ကိုဇာဂနာ၊ ဘလော့ဂါ ကိုနေဘုန်းလတ်၊ စာရေးဆရာ အယ်ဒီတာ ကိုဇော်သက်ထွေး၊ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ် အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ ပုဒ်မ ၃၃ မှာ မူလက ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ အစား အခု ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်အထိ ပြောင်းလဲသတ်မှတ်ထားသလို ပုဒ်မ ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တွေမှာလည်း ထောင်ဒဏ် အစား ငွေဒဏ် အရင်ချမှတ်ပြီး ငွေမပေးနိုင်မှ ထောင်ဒဏ်ချမှတ်ခွင့်ပြုထားပါတယ်။
ရွှေဝါရောင်မှာ အီလက်ထရောနစ် ဥပဒေနဲ့ တရားစွဲခံခဲ့ရတဲ့ ကိုနေဘုန်းလတ်ကတော့ လက်ရှိပြင်ဆင်လိုက် တာဟာ အရင်တုန်းကလို ထောင်ဒဏ်တွေ ထည့်သွင်းတာမများပေမယ့် ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ အင်တာနက်လွတ်လပ်ခွင်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အများကြီး ချိုးဖောက်ထားတယ်လို့ ဆိုပါတယ်။
ဒီဥပဒေကို စစ်အာဏာသိမ်းအစိုးရက ပြင်ဆင်ပြဌာန်းတာဟာ ရွှေဝါရောင်တုန်းကလို မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာက သိမှာစိုးတာကြောင်လို့ ကိုနေဘုန်းလတ်က ပြောပါတယ်။
“အကြောင်းအရာတွေကတော့ ပိုဆိုးလာတယ်၊ ပြစ်ဒဏ်ကိုကြည့်မယ်ဆိုရင် ရွှေဝါရောင်တုန်းကလို ၁၅ နှစ်ဆိုတာ မရှိတော့ဘူး၊ အကြောင်းအရာတွေကတော့ ပိုက်စိတ်တိုက်ဖြစ်လာတာပေါ့၊ အွန်လိုင်းပေါ်မှာ ဘာဘဲလုပ်လုပ် မလုံခြုံတဲ့သဘောဖြစ်သွားတာပေါ့၊ အခုဆိုရင်အာဏာရှင်ကို တော်လှန်ပုန်ကန်နေတဲ့ ကိစ္စတွေက အပြင်မှာရော၊ အွန်လိုင်းမှာရောဖြစ်နေတယ်၊ အဓိကတော့ အွန်လိုင်းလှုပ်ရှားမှုတွေကို နှိပ်ကွပ်ချင်တဲ့သဘောဘဲ၊ ကျနော်တို့ ကြားထားသလောက်တော့ ဖေ့စ်ဘွတ်ကိုလည်းပိတ်ထားလိုက်ပြီ၊ သိပ်မကြာခင်မှာလည်း အခြားပြည်သူတွေက ကမ္ဘာကိုသိအောင်လုပ်နေတဲ့ကိစ္စတွေ အကုန်လုံးကို ပိတ်ပြီးတော့ တရုတ်နိုင်ငံမှာလို သွားချင်တဲ့သဘောရှိတယ်၊ ရွှေဝါရောင်တုန်းကလည်း Gmail တွေဘာတွေ အကုန်ပိတ်တာလေ၊ အဲဒါတွေသုံးနေရင်ကို တရားမဝင်သလို အဲပုံစံအတိုင်း ပြန်ပြီးတော့ လုပ်တဲ့သဘောပေါ့”
ဒီလိုဥပဒေတွေကို ပြင်ဆင်ပြဌာန်းပိုင်ခွင့်ဟာ ပြည်သူက ရွေးချယ်တင်မြောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေမှာသာရှိပြီး အာဏာလုယူတဲ့ စစ်တပ်က ပြဌာန်းတဲ့ဥပဒေကို ပြည်သူတွေအနေနဲ့ လိုက်နာစရာမလိုဘူး လို့လည်း ကိုနေဘုန်းလတ်က တိုက်တွန်းပါတယ်။
ဒီပြင်ဆင်လိုက်တဲ့ဥပဒေဟာ မတရားတဲ့ ဥပဒေကို အသက်သွင်းလိုက်တာဖြစ်ပြီး အွန်လိုင်းမှာ လှုပ်ရှားသူတွေ အပါအဝင် အားလုံးကိုနှိပ်ကွပ်ဖို့ ပြဌာန်းလိုက်တာလို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ရန်ကုန်အခြေစိုက် ညီမျှခြင်း မြန်မာအဖွဲ့က ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
“ဒီဥပဒေက တကယ်ကိုအန္တရာယ်ရှိသော ဥပဒေဖြစ်ပါတယ်၊ အထူးသဖြင့် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်နေတဲ့ကာလမှာ ဒီဥပဒေက ဖေ့စ်ဘွတ်ပေါ်မှာ အဖြစ်အပျက်တွေကို တင်ရေးတဲ့သူတွေ နောက်တခါ စစ်တပ်ကို ပြိုခွဲအောင်လုပ်တဲ့သူတွေ၊ ဒါမှမဟုတ်လို့ရှိရင် အစိုးရဝန်ထမ်းတွေကို ရုံးမတက်ဖို့ လှုံ့ဆော်တဲ့ သူတွေအထိ အကြုံးဝင်နိုင်တယ်၊ နိုင်ငံတကာကို အကူညီတောင်းတဲ့သဘောမျိုး ဒါမျိုးကိစ္စတွေကစ အရမ်းကို သက်ရောက်ပြီးတော့ ပြစ်မှုပြစ်ဒဏ်ကလည်း ရှိတာတွေ့ရပါတယ်၊ ဥပဒေက အွန်လိုင်းမှာ ရေးသားနေတဲ့သူတွေကို အဓိကထားနှိပ်ကွပ်ဖို့အတွက် မတရားတဲ့ဥပဒေကို ဥပဒေပုံစံပြဌာန်းတဲ့ သဘောမျိုးပဲဖြစ်ပါတယ်”
ဒီဥပဒေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အင်တာနက် လွပ်လပ်ခွင့်ကို ထိပါးတဲ့ဥပဒေဖြစ်ပြီး နောက်ကြောင်းပြန်ရေးဆွဲတာလို့လည်း ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
အာဏာကို ထိန်းချုပ်ထားနိုင်ဖို့အတွက် စစ်တပ်က သူလို့ချင်တာတွေထပ်ထည့်တာလို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။
“စစ်တပ်ကို အသာစီးရစေမယ့် သူတို့လိုချင်တာတွေကို ထပ်ထည့်တာပါပဲ၊ အချုပ်ကတော့ ဒါပါပဲ၊ အီလက်ထရောနစ် ဥပဒေမှာ သူတို့ဘက်က အသာစီးရစေမယ့်ဟာတွေ၊ သူတို့ ပိုထိန်းချုပ်နိုင်အောင် အဲဒါတွေကို ထပ်ထည့်တာ၊ ခုတလောက အဲလိုတွေပဲဖြစ်နေတယ်လေ ဥပဒေတွေက”
ဒီအီလက်ထရောနစ် ဥပဒေအပြင် အခြားဥပဒေတွေကိုပါ စစ်တပ်က ပိုမိုထိန်းချုပ်နိုင်အောင် ဥပဒေပြင်ဆင် နေတယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။
အာဏာသိမ်းစစ်အစိုးရဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ခဲ့တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ ၁၂၄ (က) လို ပုဒ်မတွေကို ထောင်ဒဏ်တွေတိုးမြှင့်တာ၊ ဧည့်စာရင်းဥပဒေကို ပြန်ပြီးအသက်သွင်းတာနဲ့ လူတစ်ယောက်ကို ဖမ်းဆီးမိန့်မပါရင် ၂၄ နာရီထက်ပိုပြီး ဖမ်းဆီးခွင့်မရှိဆိုတဲ့ ဥပဒေတွေကို ဖျက်သိမ်းတာတွေ အပါအဝင် နိုင်လွတ်လုံ ဥပဒေတွေကိုပါ ပြင်ဆင်ဖျက် သိမ်းတာတွေ လုပ်ခဲ့ပါတယ်။
လက်ရှိအာဏာရှင် ဆန့်ကျင်ရေးလုပ်နေတဲ့ ကျောင်းသားပြည်သူတွေနဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို စစ်အစိုးရက နှိပ်ကွပ်ဖို့ ဥပဒေတွေပြင်ဆင်နေတာလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။
RFA Burmese
အီလက်ထရောနစ်ဥပဒေ ပြင်ဆင်မှု ပြည်သူတွေကို နှိပ်ကွပ်ဖို့လို့ ဝေဖန်ခံရ
Reviewed by THITHTOOLWIN
on
20:22
Rating:
No comments:
Post a Comment