ရန်ကုန်၊ မန္တလေး နှစ်ငါးလုံးအထွေထွေသပိတ် သိန်းနဲ့ချီလူထုစုဝေး

မန္တလေးမြို့က စစ်အာဏာဖီဆန်ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)

တင်းကြပ်တဲ့ လုံခြုံရေးတွေကြားကပဲ ရန်ကုန်နဲ့ မန္တလေးမှာ ဆန္ဒပြသူသိန်းနဲ့ချီပြီး နှစ်ငါးလုံး အထွေထွေ သပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး ၂၂ ရက်မြောက်နေ့မှာပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြမှုတွေ ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ အာဏာဖီဆန်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ကြတာပါ။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က တင်ဆက်ပေးပါမယ်။

ရန်ကုန်မြို့ နိုင်ငံတကာ သံရုံးတွေနဲ့ ဆန္ဒပြသူတွေ စုရပ်ဖြစ်တဲ့ ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်းလမ်းတွေမှာ သိန်းနဲ့ချီတဲ့ ဆန္ဒပြလူထုက အထိုင်သပိတ်နဲ့ သပိတ်စစ်ကြောင်းတွေနဲ့ ချီတက်ပြီး စစ်အာဏာသိမ်းမှုကို ဆန်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

ရန်ကုန်မှာဆိုရင် နေရာအတော်များများ လုံခြုံရေး ပိုတင်းကြပ်ထားတာ တွေ့ရပါတယ်။ နိုင်ငံတကာ သံရုံးတွေ သွားလမ်းတဲ့ကို အဘက်ဘက်က သံဆူးကြိုးတွေ၊ သံဇကာတွေနဲ့ ပိတ်ချထားပြီး ရဲတပ်ဖွဲ့က လုံခြံုရေးနေရာထားပါတယ်။ ဒါပေမဲ့ ဆန္ဒပြလူထုတွေကလည်း အဲ့ဒီအနီးအနားမှာပဲ ဆက်ပြီး ဆန္ဒပြနေကြတာပါ။

အမေရိကန်သံရုံးမှာဆိုရင် လုံခြုံရေး ရဲတပ်ဖွဲ့က အင်းအားအလုံးအရင်းသုံးပြီး ဆန္ဒပြလူထုကို သံရုံးနဲ့ အဝေးဆုံးနေရာရောက်အောင် လုပ်ဆောင်ပေမဲ့ ဆန္ဒပြသူတွေက အဲ့ဒီနေရာမှာပဲ ညနေအထိ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တရုတ်သံရုံးမှာ အထိုင်သပိတ်ဆန္ဒပြနေတဲ့ ကိုနိုင်နိုင်ကတော့ ဒီမိုကရေစီရရှိဖို့အတွက် နှစ်ငါးလုံးအထွေထွေသပိတ် လှုပ်ရှားမှုကြီးကို ပါဝင်ဆင်နွှဲတယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့။ နှစ်ငါးလုံးသပိတ်ဆိုတော့ ကျနော်တို့လည်း တော်တော်ထိရောက်မယ်လို့ ထင်တယ်ပေါ့နော်။ ပြီးတော့ ကျနော်က ရန်ကုန်ကို မနေ့ကမှ ရောက်တာ။ ကျနော် ရခိုင်ကပေါ့နော်။ ရခိုင်က မနေ့ကမှ ရောက်တယ်။ ဒါပေမဲ့ ဒီနှစ်ငါးလုံး သပိတ်မှာ ထိထိမိမိဖြစ်စေချင်တဲ့အတွက် ကျနော်တို့လည်း ပါဝင်ပြီးတော့ ထိုင်သပိတ်အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပေါ့နော်။ ဒီမိုကရေစီရရှိဖို့အတွက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်။”

ရုရှားသံရုံးမှာ ဆန္ဒပြနေပြီး CDM ဝန်ထမ်းသပိတ် လုပ်နေတဲ့ သူနာပြုဝန်ထမ်း ကိုနိုင်ထက်ဇော်က စစ်အာဏာရှင်စနစ် ကျဆုံးစေဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

“တစ်နိုင်ငံလုံးအနေနဲ့ ဝန်ထမ်းတွေပေါ့... အားလုံးအထွေထွေသပိတ်မှာ ပါဝင်လာတဲ့အတွက်ကြောင့် CDM အောင်မြင်ဖို့အတွက် ကျနော်တို့က ဒီသပိတ်ကို နှစ်ငါးလုံးအထွေထွေကို လုပ်တာပေါ့နော်။ အဓိက မျှော်လင့်တာက ဒီစစ်အာဏာရှင်ကို ကျဆုံးသွားဖို့အတွက်ပါပဲနော်။ သပိတ်အောင်မြင်ပါစေပေါ့... အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်။”

ရုရှားသံရုံးမှာ နောက်ထပ် ဆန္ဒပြနေတဲ့ ကိုနေအောင်လွင်ကလည်း ဒီအာဏာသိမ်းစစ်ကောင်စီကို ဘယ်လောက်ထိကျဆုံးစေသလဲဆိုတာကို ကမ္ဘာကိုသိစေချင်လို့ နှစ်ငါးလုံးအထွေထွေသပိတ်ကို ပါဝင်ရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ အပြင်ကို ထွက်လာခဲ့တယ်ဆိုတာ ကျနော်တို့ ပြည်သူတွေက ကျနော်တို့ ပြည်သူတွေ ဘယ်လောက် စစ်အာဏာရှင်ကို ရွံလဲ၊ ရွံမုန်းလဲ စစ်အာဏာရှင်စနစ်ကို ဘယ်လောက်ကျဆုံးစေသလဲဆိုတာကို လူတွေဘယ်လောက်အများကြီးရှိလဲ သိစေချင်တဲ့ ဆန္ဒကြောင့် နှစ်ငါးလုံး အထွေထွေသပိတ်ကြီးကို ထွက်လာခဲ့ရတာပါ။”

မန္တလေးမြို့မှာ အရင်ရက်တွေ အကြမ်းဖက်ဖြိုခွဲလို့ ဆန္ဒပြသူ နှစ်ဦးထက်မနည်းသေဆုံးရပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပေမဲ့ ဒီကနေ့ နှစ်ငါးလုံးလှုပ်ရှားမှုမှာ အရင်ရက်တွေထက် အင်အားပိုကောင်းလာပါတယ်။

တရုတ်ကောင်စစ်ဝန်ရုံးတည်ရှိတဲ့ ၇၃ လမ်းမှာ သိပ္ပံလမ်းကနေ အိုးရှင်းစင်တာအထိကို လုံခြုံရေး ပိတ်ထားပါတယ်။ ဒီကနေ့ နှစ်ငါးလုံးလှုပ်ရှားမှု မန္တလေးမြို့ရဲ့အခြေအနေကိုတော့ ကျမတို့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့်ကို မေးကြည့်ထားပါတယ်။

“မနက်က မြတောင်ကျောင်းတိုက်မှာ လူစုတယ်။ လူစုပြီးတော့ အဲ့ဒီကနေ တောက်လျှောက်ပေါ့နော်... လူအင်အားက တဖြေးဖြေး များလာလိုက်တာ... လူအင်အားသိန်းချီပေါ့နော်... သိန်းချီလောက်ရှိတယ်။ အဲ့ဒါ ၇၈ လမ်းပေါ်မှာရှိတဲ့ ဒိုင်းမွန်ပလာဇာရှေ့မှာ လူတွေအားလုံးက မနက်ပိုင်း ထိုင်သပိတ်လုပ်လိုက်တယ်ပေါ့နော်။ ၇၈ လမ်းပေါ်က လူတွေအားလုံးပြည့်သွားတာပေ့ါ။ ဒါပေမဲ့ အဲ့ဒီမှာ ထိုင်သပိတ် မနက်ပိုင်းလုပ်တယ်။ မနက်ပိုင်းလုပ်ပြီးတော့ ဒီနေ့လယ်ပိုင်းကျတော့ သပိတ်လမ်းကြောင်းတွေက သူ့ဟာနဲ့သူ အလျှိုလျှိုသွားကြတယ်ပေ့ါနော်။ သိပ္ပံလမ်းဆိုလည်း သပိတ်လမ်းကြောင်းတွေက အပြည့်ရှိတယ်။ ၆၂ လမ်းဆိုလည်း သပိတ်လမ်းကြောင်းတွေက အပြည့်ရှိတယ်ပေါ့နော်။ ဒီနေ့ဆိုရင် မန္တလေးမှာကျတော့ ဆိုင်တွေ အကုန်လုံးက ပိတ်ထားတယ်။ ပိတ်ထားပြီးတော့ လူတွေအားလုံးက လမ်းပေါ်မှာရောက်ပြီးတော့ ဒီစစ်အာဏာသိမ်းကောင်စီ စပြီး တက်လာတုန်းက ဆန္ဒပြတဲ့လူတွေထက်အင်အားပိုများတယ်ခင်ဗျ။”

လုံခြုံရေးတပ်ဖွဲ့တွေက အင်အား အလုံးအရင်းသုံးပြီး ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွဲ နှိမ်နင်းမှုရှိပေမယ့် တစ်နိုင်ငံလုံး လမ်းပေါ်ထွက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြတာ ဆက်လက် အင်အားအရှိန်မြင့်နေဆဲပါ။ အခုနောက်ဆုံးအချိန်ထိတော့ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲတာမျိုး မရှိခဲ့ပါဘူး။ 


အဂ္ဂနွန်/ VOA Burmese

https://burmese.voanews.com/a/yangon-mdy-myanmar-military-coup-protest/5787694.html

ရန်ကုန်၊ မန္တလေး နှစ်ငါးလုံးအထွေထွေသပိတ် သိန်းနဲ့ချီလူထုစုဝေး ရန်ကုန်၊ မန္တလေး နှစ်ငါးလုံးအထွေထွေသပိတ် သိန်းနဲ့ချီလူထုစုဝေး Reviewed by THITHTOOLWIN on 18:27 Rating: 5

No comments:

Powered by Blogger.