စစ်တပ်ကနေ ဖွဲ့စည်းပေးလိုက်တဲ့ စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ချင်ဘဲ မဲပေးရွေးချယ်ထားတဲ့ NLD အစိုးရ လက်အောက်မှာ အလုပ်လုပ်ချင်တဲ့အကြောင်း နည်းလမ်းမျိုးစုံနဲ့ ဆန္ဒပြတာတွေ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ရှိလာနေပါတယ်။ အဲဒီထဲမှာ ကျန်းမာရေး ဝန်ထမ်းတွေ အများစု ပါဝင်နေပါတယ်။
Civil Disobedience (အာဏာဖီဆန်ရေး) ဆိုပြီး မတရားမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင်နေကြတာပါ။ အဲဒီမှာ တချို့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ဘူးဆိုပြီး အလုပ်ထွက်လိုက်တာ၊ အလုပ်မသွားဘဲ ဆန့်ကျင်နေတာ တွေ့ရပါတယ်။
စစ်အာဏာရှင်စနစ်ကို မလိုချင်တဲ့ မန္တလေးမြို့ အရိုးဆေးရုံက သမားတော်၊ ခွဲစိတ်ဆရာဝန်အပါဝင် သူနာပြုတွေပါ လူထုအာဏာဆန့်ကျင်မှုအရ အလုပ်မသွားတော့ဘူးလို့ အရိုးကုဆရာဝန် တစ်ယောက်က ပြောပါတယ်။
“ဆေးရုံမှာတွဲဖက်မောင်နှမတွေဖြစ်တဲ့ ခွဲစိတ်ဆရာဝန်တွေလည်း Civil Disobedience လုပ်သွားပြီ။ သူတို့မပါဘဲနဲ့လည်း ခွဲစိတ်လို့မရဘူး။ သူနာပြုဆရာမတွေလည်း Civil Disobedience လုပ်သွားပြီ။ သူတို့အကူညီမပါဘဲနဲ့လည်း ကျနော်တို့ ခွဲစိတ်လို့မရဘူး။ လုပ်ဖော်ကိုင်ဖက်တွေအားလုံးပေါ့၊ သမားတော်တွေရော မလာတော့တဲ့အတွက် ကျန်တဲ့ဆရာဝန်တွေက ကုသမှုပေးဖို့ ခက်ပါလိမ့်မယ်။ ကျနော်တို့က ဆရာဝန်ကျင့်ဝတ်ကို ဖောက်ဖျက်တာတော့မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင် ဒီလူနာတွေကို စိတ်မကောင်းစွာဘဲ ထားခဲ့ရတော့မှာပဲပေါ့။ ဘာလို့ဆို ကျနော်တို့ စစ်အာဏာရှင်ကို တော်လှန်ချင်လို့ပါ။ လက်နက်နဲ့ မတရားအနိုင်ကျင့်တဲ့ စစ်အာဏာရှင်ကို တော်လှန်ချင်လို့ ကျနော်တို့ မလွှဲမရှောင်သာ လုပ်လိုက်ရတာပါ။”
နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲမှာ ပြည်သူတွေရွေးချယ်ထားတာကို အလေးထားစေချင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) အနေနဲ့ Facebook လူမှုကွန်ရက်မှာ စာမျက်နှာ တစ်ခုဖွင့်ထားတာလည်း တွေ့ရပါတယ်။ အဲဒီမှာ မြို့နယ်ပေါင်း ၃၀ ကျော်က အာဏာဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ ဆေးရုံပေါင်း ၇၀ ကျော်က အထူးကုဆရာဝန်တွေ၊ ဆရာဝန်တွေ၊ သူနာပြု၊ သွားဘက်ဆိုင်ရာ ဆရာဝန်၊ ဆေးဘက်ဆိုင်ရာနဲ့ အခြား ကျန်းမာရေးဝန်ထမ်းတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
နေပြည်တော်နဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ တိုက်နယ်ဆေးရုံကနေ အထူးကုဆေးရုံအထိ စုစုပေါင်း ဆေးရုံ ၁၁၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်နေသလဲဆိုတာတော့ မသိရသေးပါဘူး။
တစ်ဘက်မှာလည်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကလည်း မြန်မာနိုင်ငံမှာ ကူးစက်တာတွေ ရှိနေသေးတဲ့ အပြင် နဂိုကမှ ဆရာဝန် မလုံလောက်တဲ့အတွက် ပြဿနာက ပိုကြီးသွားမှာကို စိုးရိမ်နေတာတွေလည်း ရှိပါတယ်။
ဗဟိုကူးစက်တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ကိုဗစ်-၁၉ ကူးစက်ခံရတဲ့လူနာတွေ နည်းလာတဲ့အပြင် သက်ဆိုင်ရာဆရာဝန်ကြီးတွေက အကောင်းဆုံး စီမံခန့်ခွဲ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
"လက်ရှိဆိုရင် ဆေးရုံတွေမှာ ကုသပေးနေတဲ့လူနာပေါင်း တစ်သောင်းကျော်ပဲ ရှိပါတော့တယ်။ မန္တလေးနဲ့ ရန်ကုန်က ၁၁၀၀ ဝန်းကျင်ရှိပါတယ်။ မွန်၊ မကွေး ၊ ဧရာဝတီမှာတော့ သုံး၊ လေးရာတော့ ရှိပါတယ်။ အိုင်စီယူထဲမှာ ကုသပေးနေတဲ့ လူနာကတော့ ၄၀ ကျော်လောက်ပဲ ရှိပါတော့တယ်။ ပြီးခဲ့တဲ့ တစ်ပတ် လောက်အထိကို ၈၀ ကျော် ၉၀ မှာ တန်းနေတယ်။ ဖြစ်ပွားမှုများတဲ့နေရာဆို ၁၅၀ လောက်အထိ ရှိတယ်။ အိုင်စီယူမှာလည်း လူနာ နည်းသွားတယ်ပေါ့နော်။ ဒီနေရာမှာတော့ သက်ဆိုင်ရာ ဆရာဝန်တွေ၊ သမားတော်တွေ သူတို့တွေအနေနဲ့ အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲနေတယ်လို့ပဲ ပြောပါရစေ"
တချို့ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက လူနာတွေ ထိခိုက်နစ်နာမှာစိုးတဲ့အတွက် တာဝန်တွေ ဆက်ပြီးထမ်းဆောင်နေပေမယ့် PPE ဝတ်စုံတွေမှာ NLD အစိုးရသာ တို့အစိုးရဖြစ်တဲ့အကြောင်း စာရေးသား တာတွေ၊ လက်နက်နဲ့အနိုင်ကျင့်တာကို လက်မခံတဲ့အကြောင်း အင်္ကျီ၊ ဝတ်စုံ၊ ဂျူတီကုတ်တွေမှာ အနီရောင် ဖဲကြိုးတွေတပ်ပြီး အကြမ်းမဖက် အလုပ်မပျက်နည်းနဲ့ လှုပ်ရှားနေကြပါတယ်။
ဒီနေ့မှာဆိုရင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်း၊ ရခိုင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဆေးရုံတချို့မှာ ဖဲကြိုးနီတပ်ပြီး အာဏာရှင်ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို လုပ်နေကြတာပါ။
မန္တလေးမြို့ နား၊ နှာခေါင်းနဲ့လည်ချောင်း ဆေးရုံကြီး အထူးကုဆရာဝန် ဒေါက်တာ မိုးသီတာလင်းက ကိုယ့်သဘောအရ ဆေးရုံကိုမသွားဘဲ နေချင်ပေမယ့် အရေးပေါ်ကို ရောက်လာတဲ့ လူနာတွေကို မပစ်ရက်တာကြောင့် ဖဲကြိုးနီလှုပ်ရှားမှုကိုပဲ ရွေးချယ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
"ဆေးရုံမှာ လက်ရှိတက်နေတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ကင်ဆာရောဂါသည်တွေလည်း အများကြီး ရှိပါတယ်။ အသက်ရှုကျပ်လို့ အရေးပေါ်ရောက်လာတဲ့ လူနာတွေကလည်း အများကြီးရှိပါတယ်။ ဆေးရုံမှာရှိနေတဲ့ လူနာတွေကိုလည်း ပစ်မထားရက်ပါဘူး။ ရှိနေတဲ့ဆရာဝန်တွေက ဆက်ကု ပေးနေပါတယ်။ အရေးပေါ်ရောက်လာပြီး မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့လူနာတွေကိုလည်း ကျမတို့က ပြန်တော့၊ ပြန်တော့၊ သွားတော့လို့ နှင်ထုတ်လို့မရဘူးလေ။ အဲဒါတွေကိုတော့ ဆက်ပြီးကုနေရတာပါပဲ။ ကျမ ကိုယ်ရေးကိုယ်တာအနေနဲ့ လုံးဝ ဆေးရုံမသွားပါဘူး၊ ကျမ မလုပ်နိုင်ပါဘူးအစား ကျမကတော့ ကျမဆန္ဒလေးကို ဖော်ထုတ်တဲ့အနေနဲ့ ဖဲကြိုးနီ ကမ်ပိန်းလေးကို လုပ်ခဲ့တာဖြစ်ပါတယ်။"
ဧရာဝတီတိုင်း မအူပင်မြို့နယ်ဆေးရုံမှာ ဆရာဝန်မရှိတာကြောင့် ရောဂါပြဖို့ အခက်ခဲဖြစ်နေတဲ့ လူနာတွေကို ဆေးကုခ အခမဲ့ကုသပေးမယ့် ပြင်ပဆရာဝန်တချို့လည်း ရှိပါတယ်။
ပြင်ပဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဝေယံဦးက ခွဲစိတ်ဖို့လိုတဲ့လူနာတွေကို ခွဲစိတ်ကုသလို့ရတဲ့အထိ စီစဉ်သွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ မအူပင်ဆေးရုံမှာ ဆရာဝန်တွေ မလာတော့တဲ့အတွက် ကျနော်တို့ဆီလာပြရင် ကျနော်တို့ လုံးဝ ဆေးကုခမယူပါဘူး။ အကြီးစား၊ အသေးစားခွဲစိတ်မှုတွေ၊ အူအတက်ပေါက်တာတို့ အရိုးကျိုးတဲ့ ကိစ္စတွေကျတော့ ဆေးရုံတွေမှာပဲ လုပ်လို့ရတယ်။ အပြင်မှာလုပ်လို့မရဘူး။ အထွေထွေရောဂါကု သမားတော်တွေ၊ ခွဲစိတ်ဆရာဝန်တွေကအစ ဒီကိစ္စထဲမှာ အားလုံးပါဝင်လာမယ်ဆိုရင်၊ တစ်ညီတစ်ညွတ် တည်း ဆန္ဒပြကြမယ်ဆိုရင် ကျနော်တို့ကတော့ ဒီဘက်ကနေ အခမဲ့ဆေးခန်းနေရာတွေမှာ အခမဲ့ ဆေးခန်းတွေ ဖွင့်မယ်။ ခွဲစိတ်လို့ရအောင် စီစဉ်မယ်လို့ ဆုံးဖြတ်ထားတယ်ခင်ဗျ။"
အခုချိန်မှာ စစ်အစိုးရဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေ၊ နယ်ပယ်စုံက ဝန်ထမ်းတွေ လမ်းပေါ်မထွက်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြနေကြတာပဲ ဖြစ်ပါတယ်။
လူထုကို ဦးဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ အဆက်ပြတ်နေတာနဲ့ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ရင် တပ်ထောက်ခံသူတွေနဲ့တွေ့ပြီး ပြဿနာဖြစ်လာရင် မဖြစ်မနေတပ်က ဝင်ထိန်းလိုက်ရတာမျိုး ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဒီလိုလှုပ်ရှားနေကြတာလို့ ပုဂ္ဂလိက အင်္ဂလိပ်စာသင်တန်းဖွင့်ထားတဲ့ ဦးဇင်ဇေလွင်က ပြောပါတယ်။
"ကြောက်ကြတာက ဘာလဲဆိုတော့ တကယ်လို့ လမ်းပေါ်ထွက်ကြရင် တန်းပြီးတော့ ရဲတွေ တပ်တွေနဲ့ ရင်ဆိုင်ရတာမျိုး မဟုတ်ဘဲနဲ့ တပ်မတော်ကို ထောက်ခံတယ်ဆိုပြီး ဆန္ဒပြနေတဲ့ လူအုပ်ကြီးက တောက်လျှောက်ရှိနေတယ်။ အဲဒီမှာ တကယ်လို့ အဲဒီလူတွေနဲ့ သာမာန်ဆန္ဒပြတဲ့လူတွေနဲ့ တွေ့လိုက်တာ နဲ့ အကြီးအကျယ် ပြဿနာတက်ရင် ဆူပူမှုသဘော သက်ရောက်သွားပြီး မဖြစ်မနေ ထိန်းသိမ်း နေရပါတယ်ဆိုတဲ့ သဘောမျိုးဖြစ်သွားမှာကိုလည်း စိုးရိမ်ကြတယ်ထင်ပါတယ်။"
ပြည်သူ့ဆေးရုံတွေကို မှီခိုအားထားရတဲ့ အခြေခံ ရဟန်းရှင်လူ၊ ပြည်သူတွေရဲ့ အခက်ခဲကို နားလည် သဘောပေါက်ပေမယ့် စစ်အာဏာရှင်စနစ်အောက်ကို တိုင်းပြည်ရောက်သွားခဲ့ရင် ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေက အခုထက် ပိုဆိုးရွားလာမှာဖြစ်တဲ့အကြောင်း၊ ရေရှည်အကျိုးအတွက် အခုလို ပါဝင်တာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ နားလည်သည်းခံပေးကြဖို့၊ အာဏာဖီဆန်ရေး ကာလအတွင်းမှာ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ဆက်သွယ်အကူညီတောင်းနိုင်ဖို့ ကွန်ရက်တွေလည်း ဖွဲ့စည်းသွားမယ့် အကြောင်း၊ ကျန်းမာရေးနဲ့ ဆေးလောကဝန်ထမ်းတွေအပြင် တခြားအစိုးရဝန်ထမ်းတွေလည်း အာဏာ ဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience မှာ ပါဝင်လာကြဖို့လည်း ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေက တိုက်တွန်းထားကြပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/health-workers-protest-against-coup-02032021045414.html
No comments:
Post a Comment