နိုင်ငံ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ဒက္ခိဏခရိုင်တရားရုံးရှေ့ ဆန္ဒပြ

နိုင်ငံ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ဒက္ခိဏခရိုင်တရားရုံးရှေ့ ဆန္ဒပြ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံရတဲ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဆန္ဒပြစဉ် / Photo: RFA

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားစွဲဆိုခံထားရတဲ့အမှု အတွက် တရားရုံးမှာ ကြားနာစစ်ဆေးမှုကို ဗီဒီယိုကွန့်ဖရန့်နဲ့သာ ပြုလုပ်သွားမယ်လို့ သိရကြောင်း အမှုကို လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

သတင်းမီဒီယာတွေနဲ့ အွန်လိုင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ ရမန်လျှောက်ထားတဲ့စာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒီနေ့ ရမန်တစ်ပတ် ပြည့်မှာဖြစ်တဲ့အတွက် ရှေ့နေပါဝါတင်ဖို့ ဒက္ခိဏခရိုင် တရားရုံးကို တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်တို့ ဒီနေ့ မနက်ပိုင်းက လာရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့ ယူထားတဲ့ ရမန်ပြည့်တဲ့ရက်ဟာ ဖေဖော်ဝါရီလ ၁၇ ရက်အထိဖြစ်တယ်လို့ ခရိုင် တရား သူကြီးက ပြောကြောင်း ဦးခင်မောင်ဇော် က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ သမ္မတဦးဝင်းမြင့်ကို သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ပြီး ချုပ်ရက် ရမန်ယူထားတာဖြစ်ပါတယ်။

ဒီနေ့ ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ နိုင်ငံ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ကားတွေ ဆိုင်ကယ်တွေနဲ့ လှည့်လည် ပြီး ဆန္ဒပြတောင်းဆိုတာတွေရှိသလို ရဲကားအပါဝင် စစ်ကားတွေလည်း လုံခြုံရေးအပြည့်နဲ့ တရားရုံးအနီးမှာ သွားလာစောင့်ကြည့်နေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dassk-and-winmyint-face-court-via-video-conference-02152021014721.html

နိုင်ငံ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ဒက္ခိဏခရိုင်တရားရုံးရှေ့ ဆန္ဒပြ  နိုင်ငံ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ဒက္ခိဏခရိုင်တရားရုံးရှေ့ ဆန္ဒပြ Reviewed by THITHTOOLWIN on 19:10 Rating: 5

No comments:

Powered by Blogger.