၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလို့ ကော်မရှင်သစ်ပြော



အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကို ချုပ်ကိုင်ထားတဲ့အတွက်၊ အရင်ကရှိခဲ့တဲ့ လွှတ်တော်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားပြီလို့ ရွေးကောက်ပွဲကော်မရှင်သစ် ဥက္ကဋ္ဌ ဦးသိန်းစိုး က ဒီကနေ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ဒီကနေ့ အစည်းအဝေးကို မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့တဲ့၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျန်ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေကတော့ ရွေးကောက်ပွဲ ကော်မရှင်သစ်ရဲ့ ပြောဆိုချက်ကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်နဲ့ နိုင်ငံရေးပါတီတွေရဲ့ ပထမဆုံး အကြိမ် တွေ့ဆုံပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေပြည်တော်ရှိ ပြည်ထောင်စု‌ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ပြုလုပ်ခဲ့ပြီး၊ တက်ရောက်တဲ့နိုင်ငံ‌ရေးပါတီ ၅၃ ခုနဲ့ မတက်ရောက်ဘဲ သပိတ်မှောက်တဲ့ နိုင်ငံ‌‌ရေးပါတီ ၃၈ ခု ရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က စာရင်းထုတ်ပြန်ထားပါတယ်။

"အာဏာ ၃ ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ ချုပ်ကိုင်ထားပြီဖြစ်တဲ့အတွက်၊ အရင် လွှတ်တော်တွေနဲ့ အရင်ရွေးကောက်ပွဲရလဒ်တွေ ပျက်ပြယ်သွားပြီဆိုတာကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ်က အခိုင်အမာပြောခဲ့တယ်" လို့ ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာအမျိုးသားကွန်ကရက် ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ် က ပြောပါတယ်။

ဒီကနေ့ အစည်းဝေးတက်ရောက်ခဲ့တဲ့ ပါတီတချို့က မတက်တဲ့ပါတီတွေကို အရေးယူပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသစ် ဦးသိန်းစိုး ကို တိုက်တွန်းပြောဆိုတာ တွေ့ခဲ့ရတယ်လို့လည်း သူက ဖြည့်စွက် ပြောပြ သွားပါတယ်။

ဒီကနေ့အစည်းအဝေးကို ဦးသန်းဌေး ခေါင်းဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ သူရ ဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ဒေါက်တာ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ ဦးစိန်ဝင်းရဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ဦးကောင်းမြင့်ထွဋ်ရဲ့ မြန်မာ အမျိုးသားကွန်ကရက်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနဲ့ပြည်သူ့ပါတီ၊ ခေတ်သစ်ပြည်ထောင်စု ပါတီ၊ ဖက်ဒရယ် ပြည်ထောင်စုပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ကချည်ပြည်နယ်ပြည်သူ့ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ပအို့အမျိုးသား အဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အမျိုးသမီးပါတီ (မွန်) အပါအဝင် စုစုပေါင်း ပါတီ ၅၃ ခုက ပါတီခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ALD ၊ တအောင်း (ပလောင်) အမျိုးသားပါတီ နဲ့အတူ ၈၈-မျိုးဆက်ကျောင်းသား အများစုပါဝင်တဲ့ ပြည်သူ့ပါတီနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် စုစုပေါင်း နိုင်ငံ‌ရေးပါတီ ၃၈ ခုက ဒီကနေ့ အစည်းအဝေးကို မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ ပါတယ်။

ဒီကနေ့ မတက်ရောက်တဲ့ နိုင်ငံရေးပါတီတွေအပေါ် ဘယ်လိုသဘောထားမှာလဲ ဆိုတဲ့အမေးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သစ်ရဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး က "လောလောဆယ် ဘာမှ ပြောစရာမရှိသေးဘူး၊ နောက်ပိုင်း ရွေးကောက်ပွဲ ဝင်မဝင်ဆိုတာကို ဥပဒေအတိုင်းပဲ လုပ်သွားမယ်" လို့ ပြန်လည်ဖြေကြား သွားပါတယ်။

ဖက်ဒရယ် ပြည်ထောင်စုပါတီဥက္ကဋ္ဌ စောသန်းမြင့် ကတော့ ဒီကနေ့ အစည်းအဝေးမှာ မဲမသမာမှုတွေကို နေပြည်တော်ကစပြီး ပြန်စစ်နေကြောင်း သိခဲ့ရတယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲမသမာမှုတွေကို သိရပြီးတဲ့အခါ ဘယ်သူ့မှာ၊ ဘယ်ပါတီမှာ တာဝန်ရှိတယ် ဆိုတာကို အတိအကျ ထုတ်ပြန်ပြီး၊ အရေးယူသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်သစ် ဥက္ကဋ္ဌက ရှင်းပြ ခဲ့ကြောင်းလည်း ဦးစောသန်းမြင့်က သတင်းမီဒီယာတွေကို ပြန်လည်ပြောပြသွားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဦးရည်မွန် ခေါ် စာရေးဆရာ မောင်တင်သစ် က “စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်သစ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကို ပယ်ဖျက်ပြီး၊ ရွေးကောက်ပွဲအသစ်လုပ်ရင် အဲဒီရလဒ်ကို ဘယ်သူကမှ လက်ခံမှာ မဟုတ်ဘူး ” လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တ်ော ကိုယ်စားလှယ်တစ်ဦးအနေနဲ့ရော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်အဖြစ်နဲ့ရော စစ်အာဏာရှင်ပြုတ်ကျရေးကို ပြည်သူတွေနဲ့အတူ အဆုံးထိ တိုက်ပွဲဝင်သွားမယ် လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တတိယ မဲအများဆုံးအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့် ကလည်း “စစ်အာဏာသိမ်းတာကို လုံးဝ လက်မခံတဲ့ အတွက် စစ်ကောင်စီကဖွဲ့ပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်တွေကိုလည်း အသိအမှတ် မပြုနိုင်ဘူး” လို့ ပြောပါတယ်။

SNLD ပါတီဟာ စစ်အာဏာသိမ်းတာကို လက်မခံကြောင်း အစောပိုင်းကတည်းက တရားဝင် ကြေငြာချက် ထုတ်ပြန်အသိပေးခဲ့ပြီး၊ ရွေးကောက်ပွဲကော်မရှင်အသစ်က ဦးဆောင်ပြုလုပ်တဲ့ ဒီကနေ့ အစည်းအဝေး ကိုလည်း မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပဉ္စမမြောက် မဲအများဆုံးအနိုင်ရခဲ့တဲ့၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တအောင်း (ပလောင်) အမျိုးသားပါတီ လည်း ဒီကနေ့အစည်းအဝေးကို တက်ရောက်ခြင်း မရှိပါဘူး။

တအောင်း (ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်း‌ရေးမှူး မိုင်းအုဏ်းခိုင်က “ သူတို့ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး၊ ဆက်လက်ရပ်တည်သွားမယ်” လို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်သစ် ဘာတွေဆက်လုပ်သွားမယ်ဆိုတာကို ဆက်လက်စောင့်ကြည့် သွားမယ်၊ နောက်ထပ် ရွေးကောက်ပွဲအသစ်လုပ်ရင် ဝင်မဝင်ဆိုတာကို တအောင်း (ပလောင်) အမျိုးသားပါတီ အတွင်းမှာ အကျေအလည် ဆွေးနွေးရလိမ့်မယ်လို့လည်း ဦးမိုင်းအုဏ်းခိုင်က ဆိုပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့် ကလည်း သူတို့ပါတီအနေနဲ့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုသာ လက်ခံနိုင်မယ်လို့ ပြောပါတယ်။

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD ခေါင်းဆောင် ဦးအေးသာအောင် ဟာ လွှတ်တော်ခေါ်ယူခွင့်မရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး၊ ALD ဟာ ၁၉၉၀ ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ မဟာမိတ်ပါတီအဖြစ် အတူရပ်တည် လေ့ရှိတဲ့ တိုင်းရင်းသားပါတီတစ်ခု ဖြစ်ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို မတက်ဘဲ သပိတ်မှောက်ခဲ့တဲ့ ပြည်သူ့ပါတီက အထွေထွေအတွင်းရေးမှုး ဦးရဲနိုင်အောင် ကတော့ "ရွေးကောက်ပွဲကော်မရှင်သစ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်တဲ့ပုံစံမျိုး ပြောတာကို လုံးဝ လက်မခံနိုင်ဘူး" လို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာ စစ်အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြားသွားပြီး၊ တိုင်းပြည် စီးပွား‌ရေး တိုးတက်စေမယ့် အခြေခံကောင်းတွေကို ဖျက်ဆီးလိုက်သလို ဖြစ်တဲ့အတွက်၊ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲအသစ် လုပ်မယ့်အစား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပြီး နှစ်ဘက်ဆွေးနွေး အဖြေရှာသင့်တယ်လို့လည်း ဦးရဲနိုင်အောင် က တိုက်တွန်းပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ “၂၀၂၀ ရွေးကောက်ပွဲမှာ လူထုဆန္ဒကို အတိအလင်း ထုတ်ပြောထားပြီး ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ထပ်လုပ်စရာမလိုဘူး၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်ကို အသိမှတ်ပြုစရာလည်း မလိုဘူး” လို့ မှတ်ချက်ပေးပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အပါအဝင် စုစု‌ပေါင်း မဲဆန္ဒနယ် ၁၁၁၇ ခုမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မဲဆန္ဒနယ် ၉၂၀ မှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် ၇၁ နေရာနဲ့ ဒုတိယ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က မဲဆန္ဒနယ် ၄၂ နေရာနဲ့ တတိယ၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာနဲ့ စတုတ္ထ၊ တအောင်း (ပလောင်) အမျိုးသား ပါတီက မဲဆန္ဒနယ် ၁၂ နေရာနဲ့ ပဉ္စမမြောက် မဲအများဆုံး အသီးသီး အနိုင်ရခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ စစ်တပ်က အာဏာသိမ်းယူပြီး၊ NLD အစိုးရဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်း၊ ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီးတဲ့နောက် ဦးသိန်းစိုး ခေါင်းဆောင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သစ်ကို စစ်ကောင်စီအမိန့်နဲ့ ဖွဲ့စည်းလိုက်တာပါ။

ရွေးကောက်ပွဲ မဲသမာမှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသလို၊ တစ်ဘက်မှာလည်း စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သစ်က နေက်ထပ် ရွေးကောက်ပွဲသစ် ပြုလုပ်ဖို့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

RFA Burmese



၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလို့ ကော်မရှင်သစ်ပြော ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလို့ ကော်မရှင်သစ်ပြော Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.