မြန်မာ အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဖို့ ကုလထူးကိုယ်စားလှယ် တိုက်တွန်း

Christine Schraner-Burgener

မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ဒီကနေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“တည်ဆဲဥပဒေယန္တရားတွေကို ကျင့်သုံးရမယ့်အစား စစ်တပ်ဟာ သူတို့ရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှု တရားဝင်စေဖို့ ကွဲလွဲမှုတွေကို လိုသလိုအသုံးချပြီး အကြောင်းပြခဲ့ပါတယ်။ ကျွန်မက “ကြိုးပမ်းမှု” လို့ ပြောရတဲ့အကြောင်းကတော့ အာဏာလွှဲယူမှုဟာ တည်ငြိမ်မှုမရှိတဲ့အပြင် လူထုက ပြတ်ပြတ်သားသား ပယ်ချနေပုံရပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ဒီအာဏာသိမ်းအစိုးရအပေါ် တရားဝင်မှုမပေးဖို့ အသိအမှတ်မပြုဖို့ အရေးကြီးပါတယ်” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက ဒီကနေ့ အထွေထွေညီလာခံ၊ မြန်မာ့အရေး သီးသန့်ဆွေးနွေးပွဲအတွင်း ပြောသွားခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်က ဘယ်လိုပဲပြောပြော အရေးအပေါ် အခြေအနေကြေညာပြီး စစ်တပ်က အာဏာလွှဲယူမှုဟာ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့လည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။

ဒီမိုကရေစီနည်းကျ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ထောက်ခံဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း စစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်အောင် ဝိုင်းဝန်းဖိအားပေးကြဖို့ ထပ်မံ တိုက်တွန်းပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်တပ်နဲ့ NLD ရဲ့ တိုက်ပွဲမဟုတ်ဘဲ လက်နက်မဲ့ပြည်သူတွေရဲ့ အခွင့်အရေး တိုက်ပွဲဖြစ်တယ်၊ ဒါကြောင့် နိုင်ငံတွေအားလုံးက ခုချိန်မှာ အမြန်ဆုံးနဲ့ တညီတညွတ်တည်း မြန်မာစစ်တပ်ကို ဖိအားပေး တုံ့ပြန်ရမယ့်အချိန်ဖြစ်တယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မြန်မာပြည်သူတွေ ဘက်က ရပ်တည်ပေးကြဖို့ တိုက်တွန်းပါတယ်၊ ဒါဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တာဝန်လည်း ဖြစ်ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက တိုက်တွန်း ပြောကြားခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/un-envoy-urges-not-to-recognize-myanmar-military-coup/5794239.html

မြန်မာ အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဖို့ ကုလထူးကိုယ်စားလှယ် တိုက်တွန်း မြန်မာ အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဖို့ ကုလထူးကိုယ်စားလှယ် တိုက်တွန်း Reviewed by THITHTOOLWIN on 00:51 Rating: 5

No comments:

Powered by Blogger.