မြို့ကြီးတွေမှာ ဆန္ဒပြသူအင်အား ဆက်လက်အားကောင်းနေဆဲ

မြို့ကြီးတွေမှာ ဆန္ဒပြသူအင်အား ဆက်လက်အားကောင်းနေဆဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြနေသူတွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းလမ်းဆုံမှာ တွေ့ရစဉ် / Photo: RFA

အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြမှု ၅ ရက်မြောက်နေ့ ဒီနေ့မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာ ဆန္ဒပြသူ အင်အားတွေ လျော့ကျမသွားဘဲ ဆက်ပြီး အားကောင်းနေ ပါတယ်။

နယ်မြို့တွေက ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ပူးပေါင်းတာတွေ ရှိလာနေပါပြီ။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဒီနေ့မနက်ပိုင်းဆိုရင် လွိုင်ကော်မြို့လယ်ခေါင်မှာ ကယားပြည်နယ် ပြည်သူ့ ရဲတပ်ဖွဲ့က ရဲဝန်ထမ်း ၄၀ ဦးက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေထံ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ မော်လမြိုင်မြို့ စစ်အာဏာရှင် ဆန့်ကျင်ရှုတ်ချရေး ဆန္ဒပြပွဲမှာ ရဲတစ်ဦးက စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသူတွေနဲ့အတူ ဒီနေ့ ပူးပေါင်းဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ထွေအုပ်ဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ ကျောင်းဆရာမတွေ၊ သူနာပြုတွေ၊ စိုက်ပျိုးရေး စတဲ့ ဌာနဆိုင်ရာတွေ ပါဝင်လာကြပြီး ထားဝယ် ခရိုင်အတွင်းက ပြည်သူတွေ ပူးပေါင်းခဲ့တာကြောင့် ဆန္ဒပြသပိတ်စစ်ကြောင်းဟာ အင်အားသိန်းချီ ရှိခဲ့တယ်လို့ ထားဝယ်ဒေသခံတွေ ပြောပါတယ်။

ချင်းပြည်နယ်၊ တွန်းဇံမြို့၊ မင်းတပ်မြို့တွေမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ကျန်းမာရေးနဲ့ ပညာရေးဌာနက ဝန်ထမ်းတွေ ပါဝင်လာပါတယ်။

စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်နေတဲ့ ပုသိမ်မြို့မှာ ဒီနေ့မနက် ၁၀ နာရီခွဲမှာ လူ တစ်ထောင်ခန့်က တပ်မတော် ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။

တပ်ထောက်ခံဆန္ဒပြသူတွေသွားတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ နေအိမ်တွေက ပြည်သူတွေက စစ်အာဏာရှင် ကို ဆန့်ကျင်တဲ့အနေနဲ့ သံပုံးတီးပြီး တပ်ထောက်ခံသူတွေကို ကန့်ကွက်ခဲ့ကြပါတယ်။

ပုသိမ်မြို့မှာ ဝန်ထမ်းတွေ၊ ပြည်သူတွေ ပါဝင်တဲ့ လူအင်အားသိန်းနဲ့ချီတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတာ ‌လေးရက်မြောက်နေ့မှာ တပ်ထောက်ခံသူ တစ်ထောင်ခန့်က ဒီနေ့မှာ လှုပ်ရှားမှု စတင်လာတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့လို့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ လူ ၈၀ ကျော်ကို ကိုယ်တိုင်ခံဝန်ပေးပြီး ဒီနေ့ နေ့လယ်မှာ ပုသိမ်ကြီး ရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

နောက်ထပ် ဆန္ဒပြတာတွေ မလုပ်ဖို့နဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို မသိရှိကြောင်းဆိုတဲ့ ခံဝန်လတ်မှတ်ထိုးခဲ့ကြရတယ်လို့ ပြန်လည် လွတ်မြောက်လာ သူတွေက ပြောပါတယ်။

ဒီလို ခံဝန်နဲ့ထွက်လာပေမယ့် ရဲတပ်ဖွဲ့ဘက်ကလည်း သူတို့ဝန်ထမ်းစည်းကမ်းအရ လုပ်တာဖြစ်လို့ ဆန္ဒ ပြသင့်ရင်လည်း ပြသွားမယ်၊ မပြသင့်ရင်လည်း မပြဘူးလို့ ပြန်လွတ်လာသူ တချို့က RFA ကိုပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-coup-protest-feb102021-02102021040536.html

မြို့ကြီးတွေမှာ ဆန္ဒပြသူအင်အား ဆက်လက်အားကောင်းနေဆဲ  မြို့ကြီးတွေမှာ ဆန္ဒပြသူအင်အား ဆက်လက်အားကောင်းနေဆဲ Reviewed by THITHTOOLWIN on 18:42 Rating: 5

No comments:

Powered by Blogger.