စစ်အာဏာသိမ်းဆန့်ကျင်မှု ၅ ရက်မြောက်လူထုဆန္ဒပြပွဲ

ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရှေ့ စစ်အာဏာဆန့်ကျင်ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁)

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲ ၅ ရက်မြောက်နေ့မှာတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်က ဝန်ကြီးဌာနပေါင်းစုံ ဆန္ဒပြတဲ့ထဲ ပါဝင်လာပါတယ်။ အင်္ဂါနေ့က နေပြည်တော်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့အတွက် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရသွားပြီးတဲ့ နောက်တရက်မှာပဲ အခုလို ဝန်ကြီးဌာနပေါင်းစုံ ဆန္ဒပြတဲ့ထဲပါလာတာပါ။ မမြသွဲ့သွဲ့ခိုင်ကတော့ ရထားတဲ့ ဒဏ်ရာကြောင့် အခုချိန်ထိ သတိမရသေးဘဲ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေဆဲပါပဲ။

အစောပိုင်းရက်တွေတုန်းကတော့ အစိုးရဝန်ထမ်းအများအပြားဟာ CDM လို့ခေါ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုအဖြစ် သက်ဆိုင်ရာ အလုပ်ဌာနတွေကို မသွားကြတော့ဘဲ သပိတ်မှောက်ထားကြတာပါ။ ဒါပေမဲ့ ဒီရက်ပိုင်းတွေအတွင်းမှာတော့ လမ်းပေါ်ထွက် ဆန္ဒပြသူတွေနဲ့အတူ အစိုးရဝန်ထမ်းတွေပါ ပူးပေါင်းလာတာကိုလည်း တွေ့လာရတာဖြစ်ပါတယ်။

အင်္ဂါနေ့က နေပြည်တော်၊ မန္တလေး၊ ပဲခူးနဲ့ တခြားနေရာတချို့မှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်တာအပါအဝင် အင်အားသုံး နှိမ်နင်းတာတွေရှိခဲ့ပေမဲ့လည်း ဒီနေ့မှာတော့ အခု ဒီသတင်းကိုရေးချိန်ထိ ဘယ်နေရာမှာမှ အင်အားသုံး နှိမ်နင်းတယ်ဆိုတာမျိုး မကြားရပါဘူး။

ဒါ့အပြင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းအရပ်က ဆန္ဒပြသူအများအပြား စုဝေးတဲ့နေရာအနီးမှာ တက္ကသိုလ်ရိပ်သာလမ်းဘက်ကို သွားလို့မရအောင် ရဲတပ်ဖွဲ့ဝင် အတော်များများချပြီး မနေ့က အထိ ပိတ်ဆို့ တားဆီးထားခဲ့ပေမဲ့လည်း ဒီကနေ့မှာ အဲဒီရဲတပ်ဖွဲ့ဝင်တွေ မရှိတော့ဘူးလို့ မျက်မြင်တွေကပြောပါတယ်။

မနေ့ညဘက်ပိုင်းမှာ ရန်ကုန်မြို့ထဲကို စစ်ကားအများအပြားဝင်လာတယ်ဆိုတဲ့ သတင်းတွေ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့အတူ ညတွင်းချင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပေမယ့်လည်း ဒီကနေ့မှာတော့ စစ်သားတွေကို လမ်းပေါ်မှာ မတွေ့ရဘူးလို့ ဆန္ဒပြသူတွေက ဗွီအိုအေကိုပြောပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက တပ်မတော်ကို ထောက်ခံတယ်ဆိုပြီး တန်ပြန်ဆန္ဒပြပွဲလုပ်ခဲ့ကြသူတွေ ကား ၁၀ စီးလောက်နဲ့ ဆူးလေဘက်ကနေဖြတ်သွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

ရန်ကုန်မြို့လည်ခေါင်၊ ပန်းဆိုးတန်းလမ်းပေါ်မှာ ပန်းချီဆရာတွေက ပန်းချီဆွဲ၊ တီးဝိုင်းနဲ့ သီချင်းဆိုသူတွေကဆိုပြီး CDM လှုပ်ရှားမှုအတွက် ရန်ပုံငွေကောက်ခံကြတာမှာ နာမည်ကျော် တေးရေး တေးဆိုဆရာတစ်ဦးဖြစ်သူ ကိုနေဝင်းလည်း ရှိနေခဲ့ပါတယ်။

"အာဏာရှင်စနစ်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး။ အာဏာရှင်စနစ်အရှင်ထွက်ရိုး ထုံးစံမရှိ။ အာဏာရှင်စနစ်အသေထွက်ပဲရှိတယ်။ Saddam Hussein၊ Osama bin Laden၊ ဗိုလ်ချုပ်ကြီး ဦးနေဝင်း အသေပဲထွက်တယ်၊ အရှင်မထွက်ဘူး။ အာဏာရှင်တို့မည်သည် အရှင်ထွက်ရိုးထုံးမရှိ။" လို့ ကိုနေဝင်းက ပြောပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြသူတွေဟာ စုရပ်တစ်ခုထဲမှာ သွားပြီးစုကြတာမဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်အလိုက် စုထွက်လာကြပြီးတော့ နီးစပ်ရာ စုဝေးနေရာတွေမှာ သွားစုကြတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ဗွီအိုအေကိုပြောပါတယ်။

ရန်ကုန်မြို့က ဒီကနေ့ဆန္ဒပြပွဲတွေမှာ ရင်သွေးငယ်တွေကို ချီလွယ်ထားတဲ့ မိခင်တွေ၊ တယောနဲ့ တခြားတူရိယာတွေကို တီးမှုတ်ပြီး ချီတက်သူတွေ၊ အလှမယ်တွေ၊ ကာယဗလမောင်တွေ စသည်အားဖြင့် ပုံစံမျိုစုံး၊ အရွယ်မျိုးစုံ၊ လူမျိုးစုံကို တွေ့ရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာတော့ ရဲတပ်ဖွဲ့ဝင် ၄၀ ပတ်ဝန်းကျင် ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင်တွေကို ကျန်တဲ့ရဲတွေက ဖမ်းဖို့ကြိုးစားတာမှာ ဆန္ဒပြလူထုက အကာအကွယ်ပေးခဲ့ပြီး အခုအခါမှာ စောင့်ရှောက်ထားပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-protest/5772619.html

စစ်အာဏာသိမ်းဆန့်ကျင်မှု ၅ ရက်မြောက်လူထုဆန္ဒပြပွဲ စစ်အာဏာသိမ်းဆန့်ကျင်မှု ၅ ရက်မြောက်လူထုဆန္ဒပြပွဲ Reviewed by THITHTOOLWIN on 18:53 Rating: 5

No comments:

Powered by Blogger.