လွိုင်ကော် ဆန္ဒပြပွဲ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်များ |
ဖေဖော်ဝါရီလ ၉ ရက် မနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့ သပိတ်စစ်ကြောင်းမှာ ပူးပေါင်း ပါဝင်လာတဲ့ ရဲတွေကို ဖမ်းဆီးဖို့ လုပ်ခဲ့ပေမယ့် ဒေသခံ ၅၀၀၀ ကျော်က ဝန်းရံခဲ့ကြအပြီးမှာ ဝန်ထမ်းတွေ ရုံးမတက်ဘဲ ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှု နဂိုမူလစစ်ကြောင်းမှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄၀ အပြင် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၉ ဦးထပ်မံ ပါဝင်လာတယ်လို့ဆိုပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ CDM လှုပ်ရှားမှုမှာ အခုလို ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်အများစုဟာ ဒေသခံတွေ ဖြစ်ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က သန္ဓေ ရဲတပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းအတွက်သာ စုဖွဲ့ ခန့်အပ်ထားသူတွေ ဖြစ်တယ်လို့ ညနေ ၃ နာရီ ကျော်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကယားပြည်နယ်အရေး လေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က "ပြည်ထဲရေးလက်အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခေါ်ထားတာဖြစ်တယ်။ ဒါက ရဲဝတ်စုံပဲ ဖြစ်တယ်ပေါ့နော်။ ဒါသည် ရဲတပ်ဖွဲ့ဝင်တွေဖြစ်သလို ဒေသခံတိုင်းရင်းသားတွေ ဖြစ်တယ်။ တစ်နိုင်ငံလုံးက ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်လာမှာစိုးလို့ အခုလိုပြောဆိုတာ ဖြစ်တယ်။ ဒါကတော့ လက်ရှိ ကျွန်တော်တို့ မကြိုက်တဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲဖြစ်တယ်။ ဒီလူတွေကိုမှ ထပ်ပြီးတော့ ဖိအားပေးမယ်ဆိုရင် ကူကယ်ရာမဲ့လိမ့်မယ်" လို့ ဘီဘီစီကို ပြောပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်လာသူ ရဲတပ်ဖွဲ့ဝင် ၄၉ ဦးကို ရုံးမတက်ဘဲ နေလို့ရမယ့်နေရာတွေမှာ လူထုက ထားပေးထားပါတယ်။
BBC Burmese
No comments:
Post a Comment