ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို နောက်ရက်တွေမှာ ဆက်လုပ်ဖို့ ရှိ


ရန်ကုန်မြို့ လှည်းတန်းစင်တာ အနီးက ဆန္ဒပြမှုတွေကို မကြာခင်မှာ လူစုခွဲမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ရေရှည် ဆန္ဒပြမှုတွေ ပြုလုပ်ရမှာ ဖြစ်တဲ့ အတွက် အင်အားကို ချွေတာဖို့ လိုအပ်တယ်လို့ သူတို့က ပြောပါတယ်။

လမ်းတွေကို ပိတ်ပြီး တားဆီးဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေက ရေဘူးတွေ၊ စားစရာတွေပေးနေတာကို တွေ့ရပါတယ်။

ပြည်သူတွေရဲ့ မနာခံမှုကို ပြတဲ့အနေနဲ့ ည ၈ နာရီတိုင်းမှာ သံပုံးတွေ ဆက်တီးကြဖို့ ကိုလည်း သူတို့က တိုက်တွန်း သွားခဲ့ပါတယ်။

နောက်ရက်တွေမှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောကြပါတယ်။

------------------------------------------------------------


ပထမစည်း၊ ဒုတိယစည်း တားဆီးထား

လှည်းတန်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လူအများအပြား လာရောက်ပူးပေါင်းခဲ့ကြတာကို တွေ့မြင်ရပါတယ်။

လူ့ဘောင်သစ် လူငယ်အဖွဲ့၊ ကရင်လူငယ်များနဲ့ NLD ပါတီကို ထောက်ခံကြသူတွေဟာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း ပထမစည်း၊ ဒုတိယ စည်းတွေ တားထားပြီး ဒီစည်းတွေကို မကျော်ဖို့ သတိပေးနေပါတယ်။

စည်းကျော်လာရင် အရေးယူမယ်ဆိုတဲ့ အသံချဲ့စက်တွေနဲ့ အော်ဟစ် သတိပေးနေတာကိုလည်း ကြားနေရပါတယ်။

ဆန္ဒပြသူတွေကတော့ ရဲတွေနဲ့ အနီးကပ်တွေ့ဆုံပြီး ပြည်သူ့ဘက်က ရပ်တည်ပေးပါဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးနေပါတယ်။

လောလောဆယ် အချိန်အထိတော ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်ရှိနေပြီး ရန်ကုန်တိုင်း စစ်ဒေသကြီးက တာဝန်ရှိသူတွေ ဆန္ဒပြရာ နေရာကို ရောက်နေကြပြီလို့လည်း ဆန္ဒပြနေသူတွေထဲက တချို့က ပြောကြပါတယ်။

------------------------------------------------------


မန္တလေးမှာလည်း ဆန္ဒပြမှုတွေ ရှိ

မန္တလေးမှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

၃၅ လမ်း၊ လမ်း ၈၀ ဘက်ကနေ စျေးချိုဘက်ကို သွားပြီး ဆန္ဒပြဖို့ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကားတွေ ဆိုင်ကယ်တွေ နဲ့ ချီတက်ပြီး လမ်းမှာ ဟွန်းတွေတီးပြီး သွားနေကြတာ ဖြစ်ပါတယ်။

ကားဆိုင်ကယ်တွေစီးပြီးသွားရောက်သူတွေ ရှိနေတဲ့ အပြင် လူပေါင်းထောင်ချီ ပါဝင်တယ်လို့ တွေ့ရှိသူတွေက ပြန်ပြောပါတယ်။

အဲဒီမှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေ ကို တားဆီးမှုတွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်။

-----------------------------------------------------------


ထိုင်ဝမ်ရောက် မြန်မာပြည်ဖွားတွေ လမ်းပေါ်ထွက် ဆန္ဒပြ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ နယူးထိုင်ပေမြို့ ဝှာရှင်းကျဲလို့ ခေါ်တဲ့ မြန်မာတန်းမှာ စုရုံး ဆန္ဒပြနေကြပါတယ်။

ဒီအင်အားစုတွေထဲမှာ ရုံးဝန်ထမ်းတွေ၊ စက်ရုံဝန်ထမ်းတွေ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေ၊ သာသနာ့ဝန်ထမ်းတွေ ၊ သူနာပြုတွေ၊ ဆရာဝန်တွေ၊ စုစုပေါင်း လူအင်အား လေးရာကျော် ပါဝင်တယ်လို့ သိရပါတယ်။

BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို နောက်ရက်တွေမှာ ဆက်လုပ်ဖို့ ရှိ  ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို နောက်ရက်တွေမှာ ဆက်လုပ်ဖို့ ရှိ Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.