နေပြည်တော် နှစ်ငါးလုံး ဆန္ဒပြပွဲ ခြောက်ယောက်ကို ဆက်လက်ဖမ်းဆီးထား


မနေ့က နေပြည်တော် နှစ်ငါးလုံး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အဖမ်းခံရသူ စုစုပေါင်း ၂၁၆ ဦးထဲက၊ လူ ၂၁၀ ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် ခြောက်ဦးကို ဆက်လက်ဖမ်းဆီးထားတယ်လို့ အဖမ်းခံရသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

သူတို့ ခြောက်ဦးကတော့ နေပြည်တော် ဇမ္ဗူသီရိနဲ့ ပျဉ်းမနား ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ ကိုအောင် ကျော်မိုး၊ ကိုကျော်မင်းစိုး၊ ကိုနေမျိုးကျော်၊ ကိုဗညားဦး၊ ကိုကျော်သီဟနဲ့ ကိုနေမြတ်သူ တို့ဖြစ်ပါတယ်။

သူတို့ ခြောက်ဦးရဲ့ အမည်စာရင်းကိုသာ သိရသေးပြီး ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ချက်ချင်း ရုံးထုတ်စစ်ဆေး မယ်လို့ ရဲတပ်ဖွဲ့ကပြောတာကြောင့် အမှုကို လိုက်ပါဆောင်ရွက်ဖို့ တရားရုံးကို အခုသွားနေတယ်လို့ အမည် မဖေါ်လိုတဲ့ ရှေ့နေတစ်ဦးက ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲမှာ RFA ကို ပြောပြခဲ့ပါတယ်။

သူတို့ ခြောက်ဦးထဲက ကိုနေမြတ်သူတစ်ဦးသာ ပရဟိတ ကူညီရေးလုပ်နေတယ်လို့ သိရပြီး ကျန်ငါးဦးဟာ ဝန်ထမ်းတွေလား ကျောင်းသားခေါင်းဆောင်တွေလား ဆိုတာ အတိအကျ မသိရသေးဘူးလို့လည်း အဲဒီရှေ့နေက ပြောပါတယ်။

သူတို့ ခြောက်ဦးကို တခြားအဖမ်းခံရသူ ၂၀၀ ကျော်နဲ့အတူ ချုပ်ထားရာကနေ မနေ့ညကတော့ သီးခြား ခွဲထုတ်ပြီး ချုပ်နှောင်ထားတာသိရတယ်လို့ အဆိုပါရှေ့နေက ဆက်လက်ပြောပြပါတယ်။

ရဲတပ်ရင်း ၂၀ ကနေ ဒီကနေ့ မွန်းလွဲပိုင်း ပြန်လွတ်လာတဲ့ လူ ၂၁၀ မှာ အမျိုးသား ၁၅၀ နဲ့ အမျိုးသမီး ၆၀ ပါဝင်ပါတယ်။

ပြန်လွတ်လာသူတွေဟာ ပျဉ်းမနားနဲ့ ဇမ္ဗူသီရိ အပါအဝင် နေပြည်တော် ရှစ်မြို့နယ်က ကျောင်းသူ/သားတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာ/မတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အာဏာရှင်ဆန့်ကျင်ရေး နှစ်ငါးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သာမန်ပြည်သူတွေ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာတော့ ဆန္ဒပြပွဲဦးဆောင်သူလို့ ယူဆရသူတွေရဲ့ နေအိမ်တွေကို မနေ့ညက ရဲတပ်ဖွဲ့ ဝင်တွေက ဝင်ရောက်ဖမ်းဆီးရာမှာ ဖမ်းလိုသူတွေကို မတွေ့တာကြောင့် အိမ်မှာရှိတဲ့ သမီးတွေ၊ သားတွေနဲ့ တူတွေကို ဖမ်းဆီးသွားပါတယ်။

ကလွင်ကျေးရွာ ရာအိမ်မှူး ဦးစံ အိမ်ကိုဝင်ရောက်ရှာဖွေရာမှာလည်း ဦးစံကို မတွေ့တာကြောင့် သမီးဖြစ်သူကို ဖမ်းဆီးသွားခဲ့ပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေဖြစ်တဲ့ ကိုလှမော်နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ကိုလှမော်ကို မတွေ့တာကြောင့် နေအိမ်မှာရှိတဲ့ တူဖြစ်သူကို ဖမ်းဆီးခဲ့သလို ကိုမင်းလွင်ဦး အိမ်ကို ဝင်ရောက်ရှာဖွေရာမှာလည်း မတွေ့ တာကြောင့် သားဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ညဦးထဲကစတာ ၉ နာရီ ၁၀ နာရီကနေ ၁၂ နာရီအထိ ကလွင်ကျေးရွာ ရာအိမ်မှူး ဦးစံ သမီး မစိုးစိုးသန်းကို ခေါ်သွားတယ်၊ နောက်တစ်ယောက်က ကိုလှမွန် ဝရမ်းထုတ်ထားတဲ့သူ အိမ်ဝင်ရှာတော့ မတွေ့ဘူး အိမ်စောင့်နေတဲ့ သူ့တူကိုခေါ်သွားတယ်၊ သမီးကိုတွေ့တာ သမီးက မိန်းကလေးဆိုတော့ မသင့်တော်လို့ထင်တယ် အနားမှာရှိနေတဲ့ သူ့တူကို ခေါ်သွားတာ၊ နောက်တစ်ယောက်က ကိုမင်းလွင်ဦး သူလဲဒီအတိုင်းပဲ အဖေကိုဖမ်းတာ အဖေက မရှိဘူး အဲဒါနဲ့ သူ့သားကိုခေါ်သွားတယ်။"

ကိုလှမော် ကိုတော့ အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၁၈၈ နဲ့ ဝရမ်းထုတ်ထားပေမယ့် ကျန်သူ နှစ်ဦးကိုတော့ ဘာကြောင့်ဖမ်းဆီးဖို့ ကြိုးစားတယ်ဆိုတာ မသိရသေးပါဘူး။

ဆန္ဒပြပွဲခေါင်းဆောင် ကိုမြတ်ကို နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေပေမယ့် ဖမ်းဆီးခံရတာတော့ မရှိဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရသူ သုံးဦးလုံးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ရှာဖွေဖမ်းဆီးခံနေရသူ ဦးလှမော်က RFA ကို ပြောပါတယ်။

"ပြန်လွှတ်လိုက်ပြီ အကုန်လုံးကို သူတို့ကတော့ ထုံးစံအတိုင်း ရွှေပြည်အေးတရားဟောပြီး ပြန်လွှတ် လိုက်တယ်။ ခံဝန်ကတိမှာ လက်မှတ်ထိုးခဲ့ရပြီး မိဘတွေကို ပြန်အပ်တယ်လို့ပြောတယ်။ မိဘတွေက မေးတာပေါ့ ဖမ်းတာမှာ တရားဝင်လည်း အကြောင်းမကြား အိမ်ကို ဝင်ချင်သလိုဝင်ပြီး ဖမ်းတာ ဥပဒေနဲ့ ညီလားဆိုတော့ တရားခံကိုဖမ်းတာမှာ တံခါးမဖွင့်ပေးရင် လုပ်ချင်သလို လုပ်လို့ရတယ်ဆိုပြီး ပြန်ပြော တယ်လို့ မိဘတွေက ပြောပြတယ်။"

ဖမ်းဆီးခံလိုက်ရတဲ့ ဦးလှမော်တူဟာ အသက် ၂၂ နှစ်အရွယ်ရှိပြီး ကိုမင်းလွင်ဦးသားက အသက် ၂၀၊ ဦးစံ သမီးက ၁၉ နှစ်အရွယ်ရှိတဲ့ လူငယ်တွေဖြစ်ကြပါတယ်။

မြိတ်မြို့မှာ ညက ကင်းစောင့်နေသူ နှစ်ဦးလည်း ဖမ်းခံရတယ်လို့ကြားရပေမယ့် အတည်ပြုလို့ မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးလိုသူမရှိလို့ မိသားစုဝင်တွေကို ဖမ်းဆီးတယ်ဆိုတာ ပြန်ပေးဆွဲတာဖြစ်တယ် ဒါဟာ လက်ခံနိုင်စရာ မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးအောင်မျိုးကျော်က RFA ကိုပြောပါတယ်။

"ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းလိုက်ထဲက ဥပဒေနဲ့ ဘာတစ်ခုမှ မညီဘူး ဥပဒေနဲ့ ဘယ်လောက်အညီလို့ပြောပြော ဒီနေ့အချိန်ထိ လုပ်နေတာတွေ ထုတ်ပြန်နေတာတွေက ဘာတစ်ခုမှ ဥပဒေနဲ့အညီမဟုတ်ဘူးလို့ ပြောချင်တယ်။ ဒီလိုပဲ ၈၈ အာဏာသိမ်းပြီးနောက် စစ်အစိုးရ လက်ထက်မှာလည်း ဒီလိုပဲ သူတို့ဖမ်းချင်တဲ့သူကို မတွေ့တဲ့အခါ မိသားစုတွေကိုဖမ်းတယ်၊ ဒါက ပြန်ပေးဆွဲတဲ့အလုပ်ပဲ လက်နက်အားကိုးနဲ့ ပြန်ပေးဆွဲတာ။"

ဥပဒေနဲ့အညီလို့ တစ်ချိန်လုံး ပြောနေတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ဖမ်းဆီးလိုသူကို မတွေ့တဲ့အခါ မိသားစုဝင်တွေကိုပါ ဖမ်းဆီးတဲ့အထိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို ဖမ်းဆီးတာရော ဖမ်းဆီးလိုသူမရှိလို့ မိသားစုဝင်တွေကို ဖမ်းဆီးတာရောက ဘယ်ဥပဒေနဲ့မှ မညီဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဆန္ဒပြပွဲ ဦးဆောင်တာ လူတစ်ယောက်ကိုဖမ်းဖို့ အကြောင်းပြချက်မှမဟုတ်ဘဲ အဲဒါကိုက စပြီး အခွင့်မရှိတာကို လုပ်တာပဲ၊ သူတို့ကို မတွေ့လို့ မိသားစုကိုဖမ်းတယ် ဆိုတာကလည်း ဒါက ဥပဒေနဲ့ မညီဘူး ဘယ်ဥပဒေမှာမှ ပြဌာန်းထားတာမရှိဘူး အခွင့်အရေး ပေးထားတာမရှိဘူး၊ ၁၉၆၂ စစ်အစိုးရ တက်လာထဲက သူတို့အစွယ်ပြချင်တဲ့အခါ အဲလိုလုပ်တာပဲ လက်နက်ကိုင်ထားသူတွေရဲ့ တစ်ဖက်စောင်း နင်း အစွယ်ပြချင်တဲ့အခါ နောက်ဆုံးတော့ ဒါပဲ လာမှာပဲ"

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရသူ ၆၈၄ ဦးအထိ ရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စာရင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ထောင်ဒဏ်ချမှတ်ခံထားရသူ လေးဦး၊ ဖမ်းဝရမ်းနဲ့ အမှုဖွင့်ခံထားရသူ ၃၄ ဦး၊ အမှုဖွင့်ခံထားရသူ သုံးဦး၊ ပြန်လည်လွတ်မြောက်လာသူ ၄၇ ဦးရှိပြီဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို မနေ့က တောင်းဆိုလိုက်ပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒကို ဖိနှိပ် နေသူတွေကို နောက်ထပ် အရေးယူ ဆောင်ရွက်ဖို့ အမေရိကန်အနေနဲ့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့လည်း ပြောလိုက်ပါတယ်။

ဒါ့အပြင် မတရား ဖမ်းဆီးထား သူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ သတင်းထောက်တွေ တက်ကြွ လှုပ်ရှားသူတွေကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/police-arrested-216-people-yesterday-in-naypyitaw-02232021072139.html

နေပြည်တော် နှစ်ငါးလုံး ဆန္ဒပြပွဲ ခြောက်ယောက်ကို ဆက်လက်ဖမ်းဆီးထား  နေပြည်တော် နှစ်ငါးလုံး ဆန္ဒပြပွဲ ခြောက်ယောက်ကို ဆက်လက်ဖမ်းဆီးထား Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.