မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူသွားမယ်လို့ သမ္မတဘိုင်ဒန်ပြော


စစ်တပ်က သိမ်းယူခဲ့တဲ့ အာဏာကို ချက်ချင်း စွန့်လွှတ်ဖို့၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေနဲ့ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီကနေ့ ပြောလိုက်ပါတယ်။

ပင်တဂွန် မသွားခင် ဒီကိစ္စ ပြောချင်လို့ဆိုပြီး သမ္မတ ဘိုင်ဒန်က အသိပေး ပြောသွားတာခဲ့တာ ဖြစ်ပါတယ်။

"အခုလို အာဏာသိမ်းမှု ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စော်ကား တိုက်ခိုက် ခံရတာဟာ စိုးရိမ်စရာ ဖြစ်တယ်။ ဒီကိစ္စကို အမေရိကန်နိုင်ငံရေး ခေါင်းဆောင်တွေကြားမှာ သဘောထား မကွဲကြဘူး။ မြန်မာ့အရေးကို အထူးစိတ်ဝင်စားသူ ဆီးနိတ်အမတ် မက်ကောန်နယ်လ်နဲ့ အဖွဲ့နဲ့ပါ ဆွေးနွေးခဲ့တယ်။ အင်ဒို ပစိဖိတ် ဒေသ နိုင်ငံတွေနဲ့ မဟာမိတ်တွေ နဲ့အတူ သံတမန်နည်းနဲ့ နိုင်ငံတကာ တုံ့ပြန်မှုကို ဆွေးနွေးခဲ့တယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အမေရိကန်က ဦးဆောင်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ပြင်းထန်တဲ့ ကြေညာချက်ကို ထုတ်ခဲ့တယ်။ ဒီတစ်ပတ်မှာလည်း လူ့အခွင့်ရေး ကောင်စီကနေ ဆက်လုပ်ပါမယ်။ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းထားသူတွေကို ပြန်လွှတ်ပါ။ အာဏာသိမ်းထားတာကို စွန့်ပါ။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပါ။

အမေရိကန်မှာ ထားရှိတဲ့ မြန်မာအစိုးရရဲ့ ငွေ တစ် ဘီလျံဒေါ်လာကို စစ်ဗိုလ်ချုပ်တွေ မလျော်မကန် ရယူ သုံးစွဲတာမျိုး မလုပ်နိုင်ဖို့ ပိတ်ပင်တားဆီးသွားမယ်။ အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ မိသားစုတွေရဲ့ စီးပွားရေးတွေကို ပိတ်ဆို့ အရေးယူမယ်။ ဒီတပတ်အတွင်း ပထမ အဆင့် ပစ်မှတ်တွေကို စတင်ကိုင်တွယ်မယ်။ ထုတ်ကုန်တွေကို အခိုင်အမာ ထိန်းချုပ်မယ်။ မြန်မာပြည်သူတွေ အကျိုးဖြစ်စေမယ့် ကျန်းမာရေးနဲ့ လူမှုရေး တိုက်ရိုက်အကူအညီတွေပဲ ဆက်ပေးမယ်။

ဆန္ဒပြသူတွေကို အကြမ်းနည်းနဲ့ ဖြေရှင်းတာကို လက်မခံပါဘူး။ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို ကမ္ဘာက ကြားပါတယ်။ ကမ္ဘာက ဆက်လက်စောင့်ကြည့်နေမယ်။ လိုအပ်ရင် ထပ်တိုး အရေးယူဆောင်ရွက်သွားမယ်။ မဟာမိတ်တွေနဲ့ အတူ လက်တွဲလုပ်ဆောင်သွားပြီး တခြားနိုင်ငံတွေလည်း ပူးပေါင်းပါဝင်ပါ" လို့ သမ္မတ ဘိုင်ဒန်က တိုက်တွန်း သွားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူသွားမယ်လို့ သမ္မတဘိုင်ဒန်ပြော  မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူသွားမယ်လို့ သမ္မတဘိုင်ဒန်ပြော Reviewed by THITHTOOLWIN on 06:40 Rating: 5

No comments:

Powered by Blogger.