ဆိုက်ဘာတိုက်ပွဲ အသွင် ပေါ်ပေါက်လာ

မြန်မာဟက်ကာတွေက စစ်ကောင်စီကို ဆိုက်ဘာတိုက်ပွဲနဲ့ လက်တုံ့ပြန်

အာဏာသိမ်း စစ်ကောင်စီ ချုပ်ကိုင်ထားတဲ့ အင်တာနက်၀က်ဘ်ဆိုက် စာမျက်နှာတွေ အတိုက်အခိုက် ခံခဲ့ရပြီးတဲ့နောက် ညပိုင်းမှာတော့ ၄ ည ဆက် အဖြစ် တတိုင်းပြည်လုံးကို စစ်တပ်က အင်တာနက် ဖြတ်တောက်ပါတယ်။

ဆက်သွယ်ရေးနဲ့ အွန်လိုင်း သုံးစွဲမှုကို စိစစ် တင်းကျပ်မယ့် ဥပဒေတွေ ထွက်လာအောင် စိုင်းပြင်းရင်းမှာပဲ အင်တာနက် ဖြတ်တာတွေ ညစဥ်ရက်ဆက် စစ်တပ်ဘက်က ပြုလုပ်နေပါတယ်။


မြန်မာပြည်မှာ တရားမျှတမှု ရရှိရေး အတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ အဲဒီ ဟက်ကာအဖွဲ့က သူတို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးပါတယ်။

၀က်ဘ်ဆိုက်ကို ထွင်းဖောက်ပြီး သတင်းအချက်အလက် ရယူတာမျိုး မဟုတ်ပဲ၊ အချိန်အတိုင်းအတာ တစ်ခုအထိ ပုံမှန်လုပ်ငန်း လုပ်ဆောင်လို့ မရအောင် အနှောင့်အယှက်ပေးတဲ့ ပုံစံ ဖြစ်တယ်လို့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။


မြန်မာပြည်မှာ ည သန်းခေါင်ကျော် ၁ နာရီက စပြီး မနက် ၉ နာရီ အထိ အင်တာနက် ဖြတ်တာမျိုုး အာဏာသိမ်းစစ်တပ်က အနည်းဆုံးလာမယ့် သီတင်းပတ်ထဲထိ လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေက ဆိုပါတယ်။

ဘာလို့အခုလို ဖြတ်တောက်နေတာလဲ၊ အဲဒီကာလ အပိုင်းအခြားအတွင်းမှာ ဘာတွေ လုပ်နေတာလဲ ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ပြီးခဲ့တဲ့ အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ အစိုးရပိုင် MPT ကတ်ထည့်ထားတဲ့ ဖုန်းတွေမှာ မက်ဆေ့ချ် အလိုအလျောက် ပြန်စာတွေကို တရုတ်လို ရေးထားတာတွေ လက်ခံရနေတယ်လို့ ကိုယ်တွေ့ ကြုံသူတွေက ပြောကြပါတယ်။

အရင်ရက်တွေကတည်းက အာဏာသိမ်း မြန်မာစစ်တပ်ဟာ အင်တာနက် နည်းပညာနဲ့ ပတ်သက်ပြီး လုံခြုံရေး စနစ်မြှင့်တင်တာ အပါအ၀င် လူအများကို ထိန်းချုပ်စောင့်ကြည့်နိုင်အောင် တရုတ် ပညာရှင်တွေရဲ့ အကူအညီရယူနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေ လူအများကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။

ကူမင်းနဲ့လည်း နေ့စဥ် လေယာဥ် အတက်အဆင်းတွေ ရှိနေတာကို ထောက်ပြပြီး အာဏာသိမ်း မြန်မာ စစ်တပ်ဟာ တရုတ်ဆီက အကူအညီတွေ ရနေတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။

တရုတ်သံရုံးကတော့ အဲဒီလို ပြောဆိုမှုတွေကို ငြင်းပယ်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

ဆိုက်ဘာတိုက်ပွဲ အသွင် ပေါ်ပေါက်လာ  ဆိုက်ဘာတိုက်ပွဲ အသွင် ပေါ်ပေါက်လာ Reviewed by THITHTOOLWIN on 09:35 Rating: 5

No comments:

Powered by Blogger.