ရန်ကုန်နဲ့မန္တလေး အပါအဝင် တစ်ပြည်လုံးမှာ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရ

ရန်ကုန်နဲ့မန္တလေး အပါအဝင် တစ်ပြည်လုံးမှာ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရ မြေနီကုန်း ဗားဂရာလမ်းပေါ်က ဆန္ဒပြသူတွေကို စစ်ကောင်စီရဲ့တပ်က ဖြိုခွင်းပြီးနောက် ဖမ်းဆီးခံရသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ် / Photo: RFA

ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ မြန်မာနိုင်ငံအနှံ့က မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် အနည်းဆုံး တစ်ဦးသေဆုံးပြီး၊ တော်တော်များများ ဒဏ်ရာရရှိခဲ့ပါတယ်။ အာဏာပိုင်တွေဘက်က သေနတ်နဲ့ပစ်ခတ်တာ၊ မျက်ရည်ယိုဗုံးတွေပါ အသုံးပြုခဲ့တဲ့ ဒီဖြိုခွင်းမှုအတွင်း သတင်းထောက်တွေ အပါအဝင် ရာနဲ့ချီပြီးလည်း ဖမ်းဆီးခံထားရပါတယ်။

နိုင်ငံအနှံ့မှာ မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေရှိနေလို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ လက်နက်ကိုင် အကြမ်းဖက်မှု ပုဒ်မ ၁၄၄ ကို မလိုက်နာရင် အရေးယူမယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် ည ၈ နာရီ သတင်းမှာ ကြေညာခဲ့ပြီးတဲ့နောက် ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းလာတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်း ခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေ တော်တော်များများရှိနေသလို ဖမ်းဆီးခံထားရသူတွေလည်း အများကြီးရှိနေတယ်လို့ မုံရွာဆန္ဒပြပွဲမှာပါဝင်သူတစ်ဦးက RFA ကိုပြောပါတယ်။

ကနဦးရရှိထားတဲ့ သတင်းတွေအရ အဖမ်းခံထားရသူ ၃ဝဝ ထက်မနည်းရှိနေပြီး တချို့ကို မုံရွာ ဆင်ဖြူတော်ရာမ ကျောင်းဝင်းထဲမှာ ထိန်းသိမ်းထားတယ်လို့ မုံရွာအခြေစိုက် သတင်းထောက်တွေနဲ့ ဒေသခံတွေက ပြော ပါတယ်။

ဖြိုခွင်းမှုအတွင်း အာဏာပိုင်တွေဘက်က အရပ်ဝတ်ဝတ်ဆင်ထားတဲ့ အမျိုးသားတွေကနေ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် ပါးရိုက်တာ၊ ကန်ကြောက်တာတွေအထိ အကြမ်းဖက် ဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။

ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက ဝိုင်းဝန်းတောင်းဆိုနေကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေ ညနေအထိ ဆက်ပြီးရှိနေပါတယ်။

မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲက အကြမ်းဖက်ဖမ်းဆီးနေတာကို တိုက်ရိုက် live လွှင့်ပြသနေတဲ့ မုံရွာဂေဇတ်ဂျာနယ်က CEO ကိုလေးကို ဆိုသူဟာ ရိုက်နှက်အဖမ်းခံခဲ့ရပြီး တခြားသတင်းထောက်တွေလည်း အဖမ်းခံထားရပါတယ်။

ရန်ကုန်မှာဆိုရင်လည်း ဆူးလေစေတီတဝိုက်၊ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဆန္ဒပြသူတွေကို လူစုလို့မရအောင် မနက် ၉ လောက်ထဲကစပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေပစ်ပြီး အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။

မြေနီကုန်းမှာ ဆန္ဒပြသူတွေ ဖြိုခွင်းခံနေရတဲ့ အခြေအနေကို ဆန္ဒပြသူနေသူ တစ်ဦးက ကမ္ဘာသိအောင် လို့ ဆိုပြီး RFA ကို ပြောပါတယ်။

ဓာတ်ပုံသတင်းထောက်တွေဖြစ်ကြတဲ့ MPA သတင်းဌာနက ကိုရဲမျိုးခန့်နဲ့ AP က ကိုသိန်းဇော် တို့ဟာလည်း လှည်းတန်းမှာ သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရပါတယ်။ မြန်မာနောင်းက သတင်းထောက် မကေဇွန်နွေး ဟာလည်း မြေနီကုန်းမှာ သတင်းရယူနေစဉ် အတင်းရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။

မြေနီကုန်း ကုန်းတံတားပေါ်ကနေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး မြေနီကုန်းကုန်းတံတား၊ စမ်းချောင်း လမ်း၊ ဗားကရာလမ်းတွေထဲအထိ ဝင်ရောက်ဖမ်းဆီးနေကာ မနက်ခင်းမှာတင် ဆန္ဒပြသူ အနည်းဆုံး ၁ဝ ဦး ဖမ်းဆီးခံထားရပါတယ်။

ဆူးလေစေတီတော်တဝိုက်မှာလည်း ဆန္ဒပြသူတွေကို ဖြိုခွင်းနေပြီး ဗန္ဓုလလမ်းပေါ်တလျှောက် ရာဘာကျည်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးခဲ့ပါတယ်။

ဆူးလေခုံးတံတားပေါ်မှာ ဖဲကြိုးနီတပ်ဆင်လှုပ်ရှားနေတဲ့ အမျိုးသမီးငယ်တစ်ဦးကလည်း လက်နက်မရှိသူတွေ အပေါ် စစ်အာဏာရှင်တွေက လက်နက်နဲ့ အနိုင်ကျင့်တာကို မလိုလားလို့ လူအများသိအောင်လုပ်နေတာလို့ RFA ကို ပြောပါတယ်။

မန္တလေးမြို့မှာလည်း မနက် ၁ဝ နာရီလောက်ကစပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြနေသူတွေကို ဝင်ရောက် ဖမ်းဆီးရာ ၆၆ လမ်း ၃၅ လမ်းအနီးက နေအိမ်တွေနဲ့ ဆီဆိုင်တွေထဲ ဝင်ပြေးတဲ့သူတွေကိုပါ အိမ်တွေထဲအထိ အတင်းဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

လူမဆန်တဲ့လုပ်ရပ်တွေဖြစ်ပြီး နောက်နေ့တွေမှာလည်း ဆန္ဒပြသူလူငယ်တွေက ဒီထက်မက တိုးလာနိုင်လိမ့် မယ်လို့ မန္တလေးဒေသခံတစ်ဦးက မှတ်ချက်ပေးပြောပါတယ်။

စစ်တပ်နဲ့ရဲတွေဟာ လမ်းတစ်လျှောက်မှာ ဖုန်းကင်မရာနဲ့ မှတ်တမ်းရိုက်နေသူတွေ၊ ကား၊ ဆိုင်ကယ်တွေ ဟွန်းတီးသူတွေကို သေနတ်၊ လေးခွတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခံရသူ ၁၀၀ ကျော်လောက်ရှိနေပြီလို့ သိရပါတယ်။

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီရုံးချုပ်ရုံးရှေ့မှာ ထိုင်နေတဲ့ NLD တိုင်း ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင်းမြမြနဲ့ ဦးအေးသိန်းတို့ကို ဒီကနေ့မနက်ပိုင်းက စစ်တပ်နဲ့ရဲတပ်ဖွဲ့ယာဉ်တန်းက ဖမ်းဆီးသွားပါတယ်။

ပိတ်သိမ်းခံထားရတဲ့ NLD တိုင်းရုံးရှေ့မှာ ပြည်သူတွေ၊ ပါတီဝင်တွေ စုဖွဲ့ထိုင်နေ့လေ့ရှိကြပါတယ်။ ဒီကနေ့ မှာတော့ စုထိုင်နေသူတွေကို လူစုခွဲခိုင်းပြီး တာဝန်ရှိသူ နှစ်ယာက်ကို ဖမ်းဆီးသွားတာပါ။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်အာာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲက ရာဘာကျည်တွေ မီးခိုးဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲတာတွေပြုလုပ်ခဲ့ပြီး အနည်းဆုံး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သပိတ် ခေါင်းဆောင်တွေက ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင် ကမ်းနားလမ်း မြန်မာ့စီးပွားရေးဘဏ်နားက ထိုင်သပိတ်စခန်းနေရာကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီး ဆိုင်ကယ် Taxi သမားတစ်ဦးနဲ့ လူငယ်တစ်ဦး မနက် ၁၁ နာရီလောက်မှာ အဖမ်းခံခဲ့ရပါတယ်။

မကွေးမြို့ နေရာအတော်တော်များများမှာလည်း ရဲတပ်ဖွဲ့တွေ ရာနဲ့ချီကာ အင်အားချထားပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ကြပါတယ်။ ပြည်တော်သာလမ်းနဲ့ အထက (၁)လမ်းဆုံမှာ လေးဖက်လေးတန်ပိတ်ထားပြီး သေနတ် နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် မြေလတ်ဂျာနယ်က သတင်းထောက် တစ်ဦးအပါအဝင် ဖမ်းစီးခံကြရသူ သုံးဦး ထက်မနည်းရှိပါတယ်။ အဲဒီသတင်းထောက်ကို နာရီပိုင်းလောက်မှာတင် ပြန်လွှတ်ပေးလိုက်ပါတယ်။

နေပြည်တော်၊ လားရှိုး၊ ပုသိမ် စတဲ့မြို့နယ်တွေမှာတော့ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခဲ့ကြပြီး ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံကြပေမဲ့လည်း လူစုခွဲခဲ့ကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-military-crackdown-protesters-02272021051940.html

ရန်ကုန်နဲ့မန္တလေး အပါအဝင် တစ်ပြည်လုံးမှာ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရ ရန်ကုန်နဲ့မန္တလေး အပါအဝင် တစ်ပြည်လုံးမှာ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရ Reviewed by THITHTOOLWIN on 18:43 Rating: 5

No comments:

Powered by Blogger.