မြန်မာနိုင်ငံတလွှား စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပိုပြီး ကျယ့်ပြန်ကြီးထွား လာနေချိန်မှာပဲ NLD အစိုးရလက်ထက် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တချို့ကို စတင်ဖမ်းဆီးနေသလို ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ NLD ပါတီဗဟို တာဝန်ရှိသူ တချို့ကိုပါ ဗုဒ္ဓဟူးနေ့ညက စစ်တပ်နဲ့ ရဲလုံခြုံရေး တပ်ဖွဲ့ဝင်တွေ လိုက်လံဖမ်းဆီး ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညကချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် ပြန်လည်အဖမ်းဆီး ခံရသလို၊ ချင်းပြည်နယ် ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးရိုနီ သာခီယိုနဲ့ ထန်တလန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးက ဆလိုင်း ခင်အောင်လိန်းကိုလည်း ညသန်းခေါင်အချိန်မှာ လာရောက် ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မှာဆိုရင်လည်း - NLD ပါတီဗဟို ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေကြီး ဦးကျော်ဟိုးကို ဗိုလ်တထောင်က သူ့နေအိမ်သော့ကို ဖျက်ပြီး ဝင်ဖမ်းသ ွားတာပါ ။
ဒါ့အပြင် ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို နေအိမ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးချိန်မှာ ဦးညီပုက လိုအပ်တာလေးတွေ ယူမယ်လို့ ပြောပေမယ့် လက်မခံပဲ ၊ နောက်မှာ လူလွှတ် ယူခိုင်းမယ်ဆိုပြီး စစ်အရာရှိက ပြောတဲ့အတွက် အသာတကြည် လိုက်သွားတာကို ဗွီဒီယိုဖိုင်မှာ မြင်ရပါတယ်။
တခါ တလောကမှ ပြန်လည်လွတ်မြောက်လာတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကိုလည်း ပြန်လည် ဖမ်းဆီးသွားပြီဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာတော့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စောတင်ဝင်းကိုလည်း ဖမ်းဆီး သွားခဲ့ပါတယ်။
အခုလို ဖမ်းဆီးမှုတွေ ရှေ့ဆက် ဖြစ်လာလိမ့်ဦးမယ်လို့ ရန်ကုန်မြို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
No comments:
Post a Comment