စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေဟာ ရန်ကုန် မန္တလေးမြို့ကြီးတွေ အပါအဝင် ပြည်လုံးကျွတ် ပါဝင်ဆင်နွှဲနေကြပေမယ့် စည်းကမ်းရှိတာ စနစ်ကျတာ တွေ့နေရပါတယ်။ လူပေါင်း သိန်းသန်းချီပြီး နေ့တိုင်း လမ်းမပေါ် ဆန္ဒပြနေကြပေမယ့် သေသေသပ်သပ် အစုအဖွဲ့လိုက် ချီတက်တာ၊ အထိုင်ချတာတွေ တွေ့ရသလို၊ ဆန္ဒပြပွဲတွေပြီးတဲ့ ညနေပိုင်းမှာတော့ ပြည်သူတွေကပဲ အမှိုက်တွေကို လိုက်သိမ်းတာတွေလည်း တွေ့ရပါတယ်။
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်က အသက် ၆၀ အရွယ် ဦးထွန်းရှိန်က သုံးရက်တိုင်တိုင် ဆန္ဒပြပွဲက ထွက်လာတဲ့ အမှိုက်တွေကို လိုက်သိမ်းပေးနေသူ တစ်ယောက်ပါ။ ဒီလိုလုပ်ရတဲ့ ကုသိုလ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာပြည်သူပြည်သား အားလုံး ငြိမ်းချမ်းဖို့ ဆုတောင်းနေတယ်လို့ ဦးထွန်းရှိန်က ဆိုပါတယ်။
“ဒါနဲ့ဆို သုံးရက်မြောက်တဲ့နေ့။ ပထမဆုံး လှည်းတန်း အခေါက်ရေ ၃၀၊ ဒုတိယနေ့က ၄၀၊ ဒီနေ့ဆို ၄၅ ကျော်တယ်။ ဦးလေး ကုသိုလ်ဖြစ်ဆိုပြီး လှည်းလေးငှားတယ်။ ငှားပြီးတော့ ထွက်သမျှအမှိုက်တွေ အကုန်လုံး သိမ်းပြီးတော့ သွားပြီးတော့ လွှင့်ပစ်ပေးတယ်။ ဦးလေးကုသိုလ်ကို အမေလည်းရရှိပါစေ။ မြန်မာပြည်သူ ပြည်သားတွေလည်း ရရှိပါစေ။ ဒီကောင်းမှုကုသိုလ်တစ်ခုကြောင့် အမေလည်း အမြန်ဆုံးလွတ်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။"
ဆန္ဒပြ စီတန်းလှည့်လည်ရာမှာ ပြည်သူတွေဟာ စနစ်တကျ ကြိုးတန်းတားထားပြီး အဲဒီကြိုးတန်း အတွင်းကပဲ စီတန်းလှည့်လည် ဆန္ဒပြကြတာပါ။
တစ်ဦးတစ်ယောက်က ဦးဆောင်တာမျိုးမဟုတ်ဘဲ အားလုံးရဲ့ အသိစိတ်ဓာတ်တွေနဲ့ စစ်အာဏာရှင် ကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတာဖြစ်တယ်လို့ ဆန္ဒပြရာမှ ပါဝင်တဲ့ အသက် ၄၄ နှစ်ရွယ် ပြည်သူတစ်ဦးက ဆိုပါတယ်။
" ခုခေတ်ကလေးတွေက ကျွန်တော်တို့ထက်စာရင် အများကြီး တိုးတက်တဲ့ ကလေးတွေဆိုတော့ သူတို့ အစီအစဉ်တွေနဲ့ သူတို့ ကြိုးစားပမ်းစားလုပ်ကြတယ်။ ကျွန်တော်တို့က တစ်တပ်တစ်အား ပါဝင်ကြတယ်။ ဒီနေရာမှာ ခေါင်းဆောင်မှုဆိုတာ မရှိဘူး။ လူတိုင်း ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၈၈ က ကြုံခဲ့တာနဲ့စာရင် အခုမျိုးဆက်တွေဟာ အင်မတန်စည်းကမ်းရှိတာကို တွေ့ရပါတယ်။ သူတို့လိုချင်တာကို အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို တွေ့ရပါတယ်။ အကြမ်းဖက်တာတွေ တွေ့ခဲ့ရင်လည်း မေတ္တာရပ်ခံတယ်။ တားဆီးတယ်။ တတ်နိုင်သလောက်တော့ အပြင်အဖွဲ့အစည်းတွေက ဝင်မလာနိုင်အောင် ကာကွယ်နေပါတယ်။"
ဆန္ဒပြပွဲတွေမှာ စားသောက်စရာတွေ၊ အချိုရည်တွေ၊ သောက်ရေတွေ ဝေပေးနေတဲ့ အလှူရှင်တွေလည်း နေရာအနှံ့တွေ့ရပြီး အာဏာရှင်ကို အကြမ်းမဖက်ဆန့်ကျင်ကြောင်း နည်းမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ နေကြပါတယ်။ ဒီမိုကရေစီ လိုလားသူတွေဟာ စည်းကမ်းရှိတယ်ဆိုတာကို ပြသချင်တာကြောင့် တတ်နိုင်တဲ့ဘက်က ဝိုင်းကူတာလို့ ဆန္ဒပြပွဲမှာ အမှိုက်လိုက်သိမ်းပေးနေတဲ့ ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဦးမြတ်ဆွေက ဆိုပါတယ်။
“ ဒီမိုကရေစီကို လိုလားတဲ့သူတွေဟာ စည်းကမ်းလည်းရှိတယ်ဆိုတာကို ပြချင်တယ်။ အခုဆို ကလေးတွေက အမှိုက်ပစ်ရင် အမှိုက်လိုက်ကောက်တဲ့သူဆီမှာ ထည့်တယ်။ အမှိုက်ပုံးထဲမှာ ထည့်တယ်။ အဲလိုစည်းနဲ့ကမ်းနဲ့။ ကျွန်တော်တို့ ဆန္ဒပြသွားတဲ့နေရာမှာ အမှိုက်တွေပွပြီးတော့ စည်းကမ်းမရှိဘူးတာမျိုး မဖြစ်စေချင်ဘူး။ ကလေးတွေကလည်း အဖြစ်မခံဘူး။ ကျွန်တော်တို့လည်း အဖြစ်မခံဘူး။ အဲတော့ ကျွန်တော်တို့ ဒီမိုကရေစီကို လိုလားတယ်။ စည်းကမ်းလည်း ရှိတယ်ဆိုတာလေးဖြစ်အောင် တစ်ထောင့်တစ်နေရာက လိုက်ပြီးတော့ ပံ့ပိုးပေးတာ။”
မွန်ပြည်နယ် မော်လမြိုင်မှာလည်း စစ်ကောင်စီနဲ့မပူးပေါင်းရေး ဝန်ထမ်းပေါင်းစုံ CDM လှုပ်ရှားမှုကို အားပေး ထောက်ခံတဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါတယ်။ ဒီအချိန်မှာ ဖျက်လိုဖျက်ဆီးလုပ် တဲ့သူတွေ မပါဝင်အောင် သတိထားနေရတယ်လို့ မော်လမြိုင်မြို့ခံတစ်ယောက်က ဆိုပါတယ်။
"အခုဆိုရင် ဘေးနှစ်ဖက်မှာ ကြိုးတားထားပါတယ်။ အဲဒီကြိုးတားထားတဲ့ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာကို ကြားထဲကနေ အဖျက်အမှောင့် အဓိကရုဏ်းဆန်ဆန် ဝင်လာမှာစိုးတဲ့အတွက် စည်းစနစ်ကျစွာနဲ့ မော်လမြိုင်သူ မော်လမြိုင်သားတွေ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေပါတယ်။"
ဒါကြောင့် လက်ရှိ ဆန္ဒပြတဲ့ပုံစံတွေဟာ ၈၈ အရေးတော်ပုံနဲ့ ကွဲပြားနေတယ်လို့ နိုင်ငံရေးလှုပ်ရှား သူတွေက ဆိုကြပါတယ်။ ပြည်သူတွေဟာ အစိုးရဌာနဆိုင်ရာတွေက ဝန်ထမ်းတွေကို ရုံးမတက်ဘဲ CDM လုပ်ဖို့ တိုက်တွန်း နှိုးဆော်တဲ့ စာသားတွေ၊ အာဏာရှင်စနစ်ဆန့်ကျင်တဲ့ စာသားတွေ ရေးသားကိုင်ဆောင်ကြသလို၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို ငြိမ်းချမ်းစွာ တောင်းဆိုနေကြတာ တွေ့ရပါတယ်။
ဒီလိုငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုတဲ့ ကျောင်းသားပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင်မြို့တွေမှာလဲ ကြောက်လန့်ပြီးထွက်ပြေးရလို့ လမ်းမပေါ် ကျန်ရစ်ခဲ့တဲ့ ဆိုင်းဘုတ်တွေ၊ ရေသန့်ဗူးတွေနဲ့ အမှိုက်တွေဟာ ပြည်သူတွေအသိစိတ်နဲ့ အချိန်မီ ပြန်ရှင်းလိုက်တာ တွေလည်း တွေ့ရပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/disciplined-protests-and-many-supporters-02152021072255.html
No comments:
Post a Comment