ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးအများစု အဆက်သွယ်ပြတ်နေ


မြန်မာနိုင်ငံမှာ တပ်မတော်က လက်ရှိ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ထိမ်းသိန်းလိုက်တဲ့ နေ့မှာပဲ ရန်ကုန် အပါအဝင် နေပြည်တော်နဲ့ နယ်မြို့အတော်များများမှာ ဖုန်းနဲ့ အင်တာနက်တွေ ပြတ်တောက်နေတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

ရန်ကုန်မြို့မှာ တယ်လီနော၊ အော်ရီဒူးနဲ့ မြန်မာဆက်သွယ်ရေး အပါအဝင် ဖုန်းလိုင်းအတော်များများ ခေါ်လို့မရကြောင်းနဲ့ မြန်မာတပ်မတော်နဲ့ ဖက်စပ်ပြီးထုတ်လုပ် တဲ့ မိုင်တဲလ် ဖုန်းတွေကတော့ အချို့နေရာတွေမှာ ခေါ်လို့ရနေကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ထဲ ရပ်ကွက်တွေမှာတော့ တပ်မတော်သား လုံခြုံရေးတွေ ချထားတာ လမ်းတွေ ပိတ်ထားတာမျိုးတွေ မနက် ၇ နာရီ ဝန်းကျင် အထိ မတွေ့ရသေးပါဘဲ မြို့တော်ခန်းမလို အရေးကြီး နေရာတချို့မှာပဲ တပ်လုံခြုံရေး ချထားတာ တွေ့ရပါတယ်။

ရန်ကုန်မြို့က ဘဏ်တချို့လည်း ဒီနေ့ပိတ်ထားကြပြီး အေတီအမ် စက်တွေမှာလည်း လူတွေ အလုအယက် ‌‌‌‌ငွေထုတ်ယူနေတာကြောင့် ‌‌ငွေထုတ်ဖို့ အခက်အခဲရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။


ရန်ကုန်ကဘီဘီစီ နဲ့ စီအန်အန် နိုင်ငံတကာသတင်းရုပ်သံလိုင်းတွေ မရတော့ကြောင်းနဲ့ တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားလိုင်းလည်း အာဏာသိမ်‌ကြောင်းထုတ်ပြန်အပြီးမှာ လွှင့်တာရပ်ထားပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဝင်လေဆိပ်လမ်းကို‌တော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက စပြီးပိတ်ထားတယ်လို့ မင်္ဂလာဒုံမြို့နယ်ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်က ကိုဗစ် ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေကို ကျန်းမာရေးဝန်ထမ်းတွေက ဆက်လက်နေထိုးနေကြဆဲဖြစ်ပြီးတော့ ဒီတစ်ပတ်ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေကို အပြီးထိုးဖို့စီစဥ်ထားတာပါ။

နေပြည်တော် အပါအဝင် မန္တလေး တို့မှာလည်း ဆက်သွယ်ရေး ပြတ်တောက်နေပြီး ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေမှာတော့ ဆက်သွယ်ခေါ်ယူရ ခက်ခဲမှုတွေ ရှိနေပါတယ်။

ဒါဟာ ဆက်သွယ်ရေး ကွန်ရက်တွေကို ဖြတ်တောက်ထားမှု ဖြစ်နိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိပေမယ့် ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုထားနိုင်ခြင်းတော့ မရှိပါဘူး။

Facebook လူမှုကွန်ရက်မှာ သတင်းအချက်အလက်တွေ ရေးသား ပြောဆိုနေကြပေမယ့် သူတို့ကို ဆက်သွယ်ခေါ်ယူလို့ မရနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။


ဖုန်းလိုင်းတွေ အင်တာနက်တွေ အများစု မရတော့တာကြောင့် လူတွေက စိုးရိမ်မှုတွေရှိနေသလို ရန်ကုန်မြို့ထဲက ဆန်ဆိုင်တွေ၊ စျေးဆိုင်တွေမှာ လူတွေက စိုးရိမ်တကြီးဝယ်ယူမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်က ဘတ်စ်ကားလိုင်တွေ ပြေးဆွဲနေပြီး အိမ်စီးကားတွေ သွားလာမှုရှိနေကြောင်းနဲ့ ကုမ္ပဏီတချို့မှာလည်း ရုံးပိတ်ထားတယ်လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရန်ကုန်က စျေးဝယ်စင်တာအချို့မှာ အထဲက ဆိုင်တွေက ဖွင့်ထားပေမယ့် အဝင်တံခါးကို ပိတ်ထားကြကြောင်းနဲ့ စျေးဝယ်သူတွေက မြေအောက်ကားရပ်တဲ့နေရာကနေ အဝင်အထွက်လုပ်နေရကြောင်း လူတွေမျက်နှာမှာ စိုးရိမ်စိတ်ကို မြင်ရကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

BBC Burmese

https://www.bbc.com/burmese/burma-55883505

ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးအများစု အဆက်သွယ်ပြတ်နေ  ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးအများစု အဆက်သွယ်ပြတ်နေ Reviewed by THITHTOOLWIN on 12:22 Rating: 5

No comments:

Powered by Blogger.