ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာအာဏာပိုင်တွေဘက်က အင်တာနက်တွေကို ကန့်သတ်ဖို့ ညွှန်ကြားချက်တွေကို ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံက ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ Telenor ကုမ္ပဏီက ပြောလိုက်ပါတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အာဏာပိုင်တွေဘက်က အင်တာနက်တွေကို ကန့်သတ်ထိန်းချုပ်တာတွေလုပ်ဖို့ ပြောခဲ့ပေမဲ့ သူတို့အနေနဲ့အာဏာပိုင်တွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောလုပ်ဆောင်တာတွေရှိခဲ့ပေမဲ့ ဒီကန့်သတ်မှုတွေမှာ လူ့အခွင့်အရေးအရစိုးရိမ်စရာရှိတာကြောင့် တတ်နိုင်သမျှအင်တာနက်တွေ ဖွင့်ပေးခဲ့တယ်လို့ တယ်လီနောကုမ္ပဏီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မှာ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာပဲ အာဏာပိုင်တွေက နိုင်ငံတဝန်း အင်တာနက်လိုင်းတွေကို ဖြတ်တောက်တာတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြန်ဖွင့်ပေးခဲ့ပေမဲ့ မနက်ပိုင်းတွေမှာ အင်တာနက်လိုင်းတွေနှေးကွေးတာတွေ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း လူထုဆန္ဒပြပွဲတွေနဲ့ CDM လှုပ်ရှားမှုတွေ ပိုပြီးတော့ အရှိန်အဟုန် အားကောင်းလာနေတဲ့အတွက် အင်တာနက်လိုင်းတွေ ဖြတ်တောက်လာမှာကို စိုးရိမ်နေကြပါတယ်။
တယ်လီနော ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ အထူးပဲ စိုးရိမ်မှုရှိတဲ့တချိန်တည်းမှာပဲ မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေ ရရှိဖို့နဲ့ သတင်းမှန်ရရှိဖို့အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ရရှိဖို့က အရေးကြီးပြီး အင်တာနက်တွေအမြဲတမ်းရရှိဖို့ အာဏာပိုင်တွေကိုလည်း ဆက်ပြီးတော့ အလေးပေးပြောကြားနေတယ်လို့ တယ်လီနောကုမ္ပဏီက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။ တယ်လီနော ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်ကစပြီး မြန်မာနိုင်ငံတွင်း တယ်လီဖုန်းနဲ့ဆက်သွယ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/telenor-internet-myanmar/5777782.html
No comments:
Post a Comment