စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဝဲ) နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ယာ)။ (မှတ်တမ်းဓာတ်ပုံ(Combo))

မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဒီကနေ့တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရက အတည်ပြုပြောဆိုပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat က အွန်လိုင်းကနေ သတင်းထောက်တွေကို အသိပေးခဲ့တာဖြစ်ပြီး တခြားအသေးစိတ်တွေကို မပြောပါဘူး။

ဒါဟာဖြင့် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးနဲ့ ပြည်ပအစိုးရ တာဝန်ရှိသူတစ်ဦးအကြား ပထမဆုံးအကြိမ် လူသိရှင်ကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးတာပဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး သံခင်းတမန်ခင်း ပြောဆိုဆွေးနွေးဖို့အတွက် ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံမှာ ဒီကနေ့ ရောက်နေတဲ့အကြောင်း ထိုင်းအစိုးရ သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို အစောပိုင်းမှာ ပြောခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖြေတခုရှာဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နဲ့ လက်တွဲလုပ်ဆောင်ရေး ကြိုးပမ်းတဲ့အနေနဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ ဦးဝဏ္ဏမောင်လွင် ထိုင်းကို လာတာလို့ အဲဒီ သတင်းရင်းမြစ်ကပြောပါတယ်။

ရန်ကုန်မြို့ အင်ဒိုနီးရှားသံရုံးရှေ့က ဆန္ဒပြ မြင်ကွင်း။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi ဟာ မြန်မာနိုင်ငံကိုလာမယ်လို့ အစောပိုင်းက သတင်းထွက်ခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Teuku Faizasyah က ဝန်ကြီး Marsudi မသွားဖြစ်တော့ဘူးလို့ ပြောပါတယ်။

"မြန်မာနိုင်ငံက အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး ဒေသဆိုင်ရာအဆင့်နဲ့ အာဆီယံမှာ အဖြေရှာရေး လုပ်ဆောင်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နေပြည်တော်သွားရောက်ရေးကို လမ်းဖွင့်ထားခဲ့ပါတယ်။ လက်ရှိဖြစ်ထွန်းမှုတွေကို ထည့်သွင်းစဉ်းစားသလို တခြား အာဆီယံနိုုင်ငံတချို့နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာတော့ အခုအချိန်ဟာ မြန်မာနိုင်ငံကိုသွားဖို့ သင့်လျော်တဲ့အချိန်မဟုတ်သေးဘူးလို့ သတ်မှတ်ခဲ့ပါတယ်။" ဆိုပြီး ပြောခွင့်ရ Faizasyah က အွန်လိုင်းကနေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားခဲ့ပါတယ်။

ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံရောက်နေတဲ့အချိန်မှာပဲ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးရှေ့မှာ ထိုင်းရောက်မြန်မာတွေနဲ့ ထိုင်းနိုင်ငံသားတွေ စုဝေးပြီး မြန်မာနိုင်ငံ ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ စစ်တပ်က သေနတ်နဲ့ပစ်လို့ သေဆုံးသွားသူတွေအတွက် အမှတ်တရ ပန်းပွင့်၊ ပန်းစည်းတွေချ ဆုတောင်းခဲ့ကြသလို ၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာလူထုရဲ့ဆန္ဒမဲတွေကို လေးစားပါလို့ အင်ဒိုနီးရှားနဲ့ အာဆီယံနိုင်ငံတွေကို ပန်ကြားထားတဲ့ စာတမ်းပါ စာရွက်တွေကိုလည်း သံရုံးရှေ့မှာချခဲ့ကြပါတယ်။

အလားတူ ရန်ကုန်မြို့က အင်ဒိုနီးရှားသံရုံးရှေ့မှာလည်း ဆန္ဒပြသူတွေ ဒီကနေ့ ထပ်ပြီး စုဝေးဆန္ဒပြခဲ့ကြပါတယ်။


VOA Burmese

https://burmese.voanews.com/a/myanmar-foreign-minister-meets-indonesian-counterpart-in-bangkok/5790744.html

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ Reviewed by THITHTOOLWIN on 19:44 Rating: 5

No comments:

Powered by Blogger.