စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ထပ်မံဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ထပ်မံဖမ်းဆီးခံရ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်

Myint Naing/FB


စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဒီကနေ့နေ့လယ်ပိုင်းမှာ စစ်တပ်က ဖမ်းဆီးသွားပါတယ်။

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို ထောက်ခံကြောင်းနဲ့ အကြမ်းမဖက်ဘဲ ဆက်လက်လှုပ်ရှားကြဖို့ ဒေါက်တာမြင့်နိုင် လူမှုကွန်ရက်စာမျက်နှာပေါ်ကဆင့် တိုက်တွန်းခဲ့ပြီးနောက် အခုလိုဖမ်းဆီးခံရတာပါ။

ဖမ်းဆီးစဉ်မှာ ဒေါက်တာမြင့်နိုင်ရဲ့ လက်ကိုင်ဖုန်းနဲ့ မိသားစုတွေရဲ့ လက်ကိုင်ဖုန်းတွေကိုပါ သိမ်းဆည်းသွားတယ်လို့ ရေဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက RFA ကို ပြောပါတယ်။

အလားတူ နေအိမ်အကျယ်ချုပ်ချမှတ်ခံထားရတဲ့ တိုင်းဝန်ကြီးတွေဖြစ်တဲ့ လျှပ်စစ်နဲ့လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးသန်းမြင့်ဝင်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးကိုင်ဇာမုန်၊ ချင်းရေးရာဝန်ကြီး ဦးလာထောင်ထန်းတို့ရဲ့ဖုန်းတွေကိုလည်း ဒီကနေ့မှာပဲ တပ်မတော်က လာရောက်သိမ်းယူသွားပြီးတော့ အဲ့ဒီဝန်ကြီးသုံးယောက်ကိုတော့ နေအိမ်မှာ ဆက်လက်ဖမ်းဆီးထားပါတယ်။

ဒေါက်တာ မြင့်နိုင်ကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ မသိရသေးသလို မိသားစုဝင်တွေရဲ့ ဖုန်းတွေ၊ တခြားတိုင်းဝန်ကြီးတွေရဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်းသွားတာကြောင့် ဆက်သွယ်ရေးပြတ်တောက်နေပြီး စားဝတ်နေရေး ထောက်ပံ့ပေးနိုင်ဖို့လည်း အဆက်အခဲရှိနေတယ်လို့ဆိုပါတယ်။

''ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ထားတဲ့ဖုန်းတွေကိုတောင် သိမ်းယူခံရတာ ဒါဟာ သတင်းသိပိုင်ခွင့် အခွင့်အရေးတွေကိုပါ ချိုးဖောက်ခံနေရကြရတာပဲ" လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက ပြောပါတယ်။

တချိန်တည်းမှာပဲ ဖမ်းဆီးထားခံတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဌ ဦးသန်းကလည်း ကျန်းမာရေးမကောင်းတဲ့အတွက် မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ ဒီကနေ့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းတဲ့ အာရုဏ်တက်အချိန်မှာ ဝန်ကြီးချုပ်အပါအဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကို ဖမ်းဆီးခဲ့ပြီး နောက်တနေ့မှာ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီးတော့ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဒီကနေ့ ဒုတိယအကြိမ် ဖမ်းဆီးလိုက်တာဖြစ်ပြီးတော့ စစ်ကိုင်း စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လဝကဝန်ကြီး ဦးမိုးကျော်သူ၊ စည်ပင်ဝန်ကြီး ဦးမြင့်ကြည် လွှတ်တော်ဥက္ကဌဦးသန်း၊ လွှတ်တော်ဒုဥက္ကဌ ဦးစိုးသန်းမြင့် ၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအတွင်းရေးမှူးဦးမြင့်ကြည်တို့လည်း ဆက်ဖမ်းဆီးခံထားရပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့ကိုလည်း စစ်တပ်က နောက်တကြိမ် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားပြီး ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ မသိရသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/sagaing-minister-detained-military-coup-02082021075525.html

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ထပ်မံဖမ်းဆီးခံရ  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ထပ်မံဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:58 Rating: 5

No comments:

Powered by Blogger.