မန္တလေးတိုင်းဝန်ကြီး ဦးမျိုးသစ်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲ

မန္တလေးတိုင်းဝန်ကြီး ဦးမျိုးသစ်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဝန်ကြီးဦးမျိုးသစ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၇ရက်နေ့က မြင်တွေ့ရစဉ် / Photo: RFA

မန္တလေးတိုင်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးလိုက်ပြီး ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ပါတယ်။

သူဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေထဲမှာ ပထမဆုံး တရားစွဲခံရသူလည်း ဖြစ်ပါတယ်။

တရားလိုက ချမ်းအေးသာစံမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာမြင့် ဖြစ်ပါတယ်။

ချမ်းအေးသာစံမြို့နယ် တရားရုံးက တာဝန်ရှိသူ တစ်ဦးက “၁၅ ရက်နေ့က စွဲတင်တယ်၊ ဒီနေ့ဖမ်းမိတယ်၊ ရုံးတင်တယ်။ သတ်မှတ်ရုံးချိန်း ပြန်ပေးတယ်။ အခု အိုးဘိုထောင်ပို့တယ်၊ မနက်ဖြန် တရားလို စစစ်မယ်။” လို့ ပြောပါတယ်။

ဝန်ကြီးဦးမျိုးသစ်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ကြေညာချက်အမှတ် ၁/၂၀၂၁ ဆိုပြီး ဝန်ထမ်းတွေကို အစိုးရသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးတိုင်းအတွင်းက ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် ဝန်ကြီးတွေအားလုံး ထိန်းသိမ်း ခံထားရပါတယ်။ ဒီလို ထိန်းသိမ်းခံရတဲ့အထဲမှာ ရှမ်းတိုင်းရင်းသားဝန်ကြီး စိုင်းပန်းဆိုင် မပါဝင်ဘူးလို့ သိရပါတယ်။

စစ်ကောင်စီ တက်လာပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် ၁၅ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားသလို ကိုမင်းကိုနိုင်နဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ အချုပ်အခြာအာဏာ ကွန်ရက်က ကိုမျိုးရန်နောင်သိန်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော် လုပ်ခဲ့ဖူးတဲ့ အဆိုတော်လင်းလင်း၊ လူမှုကွန်ရက်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတွေရေးတဲ့ အိပန်ဆယ်လို၊ ကိုမောင်မောင်အေး၊ အင်းစိန်အောင်စိုး ခုနှစ်ဦးကိုလည်း ၅၀၅ (ခ) နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/u-myo-thit-sued-02172021042226.html

မန္တလေးတိုင်းဝန်ကြီး ဦးမျိုးသစ်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲ  မန္တလေးတိုင်းဝန်ကြီး ဦးမျိုးသစ်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲ Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.