ရန်ကုန်က ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း သေဆုံးဒဏ်ရာရသူတွေရှိ


လူစုခွဲဖမ်းဆီးဖြိုခွင်းမှုတွေရှိပေမယ့် နိုင်ငံတဝန်း အထွေထွေသပိတ် ဆင်နွှဲ

ရန်ကုန်တိုင်း ပညာရေးမှူးရုံးရှေ့ရှိ ပညာရေးသပိတ်စစ်ကြောင်းဖြိုခွဲခံရရာ မျက်ရည်ယိုဗုံးနှင့် သေနတ်ခြောက်လှန့်ပစ်ခတ်မှုကြောင့် ဆရာမတစ်ဦး နှလုံးရောဂါဖြင့်ကွယ်လွန်သွားခဲ့ကြောင်း ဆန္ဒပြသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီးမှာလည်း ဆန္ဒပြသပိတ်စစ်ကြောင်းကို ဒီမနက် ၉ နာရီခန့်မှာ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် အသက် ၂၀ ကျော်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြနေပါတယ်။

ရန်ကုန်လှည်းတန်းမှာ ဒီနေ့မနက် ကိုးနာရီဝန်းကျင်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွင်းရာမှာ ဒဏ်ရာရသူ အနည်းဆုံး ၅ ဦးခန့် ရှိခဲ့ပြီး သေနတ်ကျည်ထိမှန်ခဲ့သူ နှစ်ဦးမှာ စိုးရိမ်ရတဲ့အခြေအနေရှိနေပါတယ်။

ရန်ကုန်မှာ ရန်ကင်းကျောက်ကုန်းအနီးမှာ ဆေးကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းကို ဒီမနက်အစောပိုင်းမှာတင် ဖြိုခွဲလိုက်ပြီး ဆေးကျောင်းသားကျောင်းသူတွေဖမ်းဆီးခံထားရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

သာကေတ ခိုင်ရွှေဝါဘက်မှာလည်း ဆန္ဒပြလူထုကို ပစ်ခတ်ဖြုခွင်းခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိထားပါတယ်။ မန္တလေးမြို့မှာလည်း မြို့နယ်ဌာနအလိုက် ဒီနေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး အထွေထွေစုပေါင်းသပိတ်ပြုလုပ်ကြပါတယ်။ မြို့တွင်းက တချို့ သပိတ်စစ်ကြောင်းတွေကို နှစ်ဖက်ညှပ်ပြီး လူစုခွဲတာ ဖမ်းဆီးနေတာတွေလည်းရှိနေပါတယ်။

လားရှိုးမှာလည်းမနက် ၉ နာရီခန့်က လားရှိုးမြို့၊ ယုံဟော်သုံးထောင့်အနီးမှာ ရေကား၊ မျက်ရည်ယိုဗုံးတွေနဲ့ ဆန္ဒပြသူတွေကိုဖြိုခွဲခဲ့ပြီး ဒဏ်ရာရသူတွေရှိနေပါတယ်။ လက်ရှိမှာ စစ်တပ်က အင်အားတွေထပ်ဖြည့်လာနေပေမယ့် ဆန္ဒပြသူတွေဘက်ကလည်း လူပြန်စုလာတဲ့အနေအထားမှာ ရှိနေတယ်လို့ ဒေသခံသတင်းထောက်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ဖမ်းဆီးခံရသူတွေလည်း များစွာရှိနေတယ်လို့ ပြောပါတယ်။

ဒီနေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ Milk Tea alliance အထွေထွေသပိတ်လှုပ်ရှားမှုကို နိုင်ငံတဝန်းပြုလုပ်နေပါတယ်။ မနက်အစောပိုင်းတည်းက နိုင်ငံတဝန်းနေရာစုံက သပိတ်တွေဆန္ဒပြပွဲတွေကို လူစုမရအောင် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုတွေ ပြုလုပ်နေပေမယ့် လူထုဟာ ပစ်ခတ်နေချိန်မှာ ဘေးလွတ်ရာကို ရှောင်တိမ်းပြီး ရဲတွေနဲ့ ထိပ်တိုက်မတွေ့ဘဲ နောက်ဆုတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ လူချက်ချင်းပြန်စုပြီး စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်နေကြပါတယ်။








BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ရန်ကုန်က ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း သေဆုံးဒဏ်ရာရသူတွေရှိ  ရန်ကုန်က ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း သေဆုံးဒဏ်ရာရသူတွေရှိ Reviewed by THITHTOOLWIN on 12:09 Rating: 5

No comments:

Powered by Blogger.