ရှေ့နေဦးခင်မောင်ဇော် |
စစ်တပ်က ဖမ်းပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဟာ ၆ လ အတွင်းကနေ နှစ်နဲ့ချီ ကြာသွားနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။ အခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးပေမယ့်လည်း တရားရေး လုပ်ငန်းမှာ မျှတမှု ရှိဖို့ မျှော်လင့်ထားသလိုဘဲ အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားရမယ်လို့ ပြောပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။
စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီး အရပ်သား အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးက ဖြုတ်ချ၊ နောက် သူမ အိမ်မှာ စကားပြောစက် - walkie-talkie တွေတွေ့လို့ ဆိုပြီး ပို့ကုန် သွင်းကုန် ဥပဒေနဲ့ တရားစွဲခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ စည်းရုံးရေးဟာ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ တားမြစ်ကန့်သတ်ချက်တွေကို ချိုးဖောက်တယ်လို့ စစ်အုပ်စုက စွပ်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ ထပ်တိုး တရားစွဲပါတယ်။
“အခုတော့ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ( ၈) နဲ့ တမှု။ အဲဒီအမှုက အမှုနံပတ် (၃၈) ၂၀၂၁။ နောက်တမှုကတော့ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မ (၂၅) ပေါ့နော်။”
အကောင်းဆုံး မျှော်လင့်ထားပါတယ်။ အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က AFP ကို တယ်လီဖုန်းနဲ့ ဖြေကြားတာမှာ ထည့်သွင်း ပြောဆိုခဲ့ပြီး တရားရေး လုပ်ငန်းစဉ် မျှတမှု ရှိဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ လာမယ့် မတ်လ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယ အကြိမ် ရုံးထုတ် ကြားနာဖို့ ရှိနေပြီး ဒီမတိုင်းခင်မှာ အမှုသည်နဲ့ တွေ့ဆုံခွင့်ရဖို့ လျှောက်ထားခဲ့ပေမယ့်လည်း ဘယ်အချိန်မှာ ခွင့်ပြုမယ် ဆိုတာ မသိရဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင် တွေ့ဆုံခွင့် မပေးတာကြောင့် တကယ်လို့ ဗွီဒီယို - ဖုန်းလိုင်းနဲ့ ဆက်သွယ်ရမယ်ဆိုရင်တော့ ဆွေးနွေးချက်တွေ ပေါက်ကြားနိုင်တာကြောင့် ရှေ့နေနဲ့ အမှုသည်ကြား လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်ခွင့် မရမယ့် အရေးကိုလည်း သူက စိုးရိမ်နေပါတယ်။ အနှောင့်အယှက် မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံနိုင်ရေးက ပိုပြီး သင့်တော်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေလိုအပ်ကြောင်း ပြောပေမယ့် သမ္မတ ဦးဝင်းမြင့်ကတော့ ကိုယ်တိုင်က ရှေ့နေဖြစ်တာကြောင့် သူ့ဘာသာ အမှုရင်ဆိုင်မယ်လို့ ပြောခဲ့တာပါ။ အခုတော့ ရှေ့နေရှေ့ရပ် လွှဲအပ်စာမှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးနိုင်ရေးကိုပါ အတော်လေး ကြိုးစားနေရတာပါ။
အခုလာမယ့် မတ်လ ၁ ရက်နေ့ တရားရုံး ကြားနာမှုမှာတော့ တရားသူကြီး၊ တရားလို ရှေ့နေ ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတို့က အမှုကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်သလို တရားရုံး လုပ်ငန်းစဉ် အချိန်ကာလ သတ်မှတ်ချက်၊ သက်သေခေါ်ဖို့ တွေကို ချိန်းဆိုကြရမှာပါ။
အမှုကို ရိုးရိုးရှင်းရှင်းဘဲ တည်ဆောက်မယ်ဆိုရင်တော့ ၆ လ အတွင်းမှာ အမှုပြီးနိုင်ကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ အမှုကို ပိုပြီး ရှုပ်ရှုပ်ထွေးထွေး တည်ဆောက်မယ်ဆိုရင်တော့ တနှစ်နဲ့ အထက် အချိန်ဆွဲနိုင်တယ်လို့လည်း ပြောပါတယ်။ အချိန်ဆွဲနိုင်တဲ့ အန္တရာယ် ရှိလားလို့ မေးတာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ဒီနိုင်ငံမှာ ဖြစ်ချင်တာ ဖြစ်နေတာလို့ ပြောပါတယ်။ ပြည်တွင်း ပြည်ပက ဥပဒေ ရေးရာ အကြံပေးကြဖို့ ရှေ့နေ ဦးခင်မောင်ဇော်က ဖိတ်ခေါ်သွားတာပါ။
ကုလသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အမှုတွေ စွဲဆိုနေတဲ့ အပေါ် ကန့်ကွက်ရှုတ်ချထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က
“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ပြစ်မှုဆိုင်ရာ ပုဒ်မတွေနဲ့ ထပ်ပြီး စစ်တပ်က တရားစွဲတဲ့ ကိစ္စအပေါ် အမေရိကန်ဘက်က စိတ်ကသိကအောက် ဖြစ်ရပါတယ်တဲ့။ မတော်မတရား ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံးကို မြန်မာ စစ်တပ်ဘက်က ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန်ဘက်က ထပ်ပြီး တောင်းဆိုပါတယ်” လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပြောဆိုခဲ့တာပါ။
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကတော့
“ဒါက ဟန်ပြ အမှုဆင်တာပါ။ အာဏာ ရယူဖို့ သက်သက် လုပ်တာပါ” လို့ ပြောဆို ဝေဖန်ထားပါတယ်။
မသိင်္ဂီထိုက်/ VOA Burmese
https://burmese.voanews.com/a/lawyer-comment-on-aung-san-suu-kyi-case-/5782945.html
No comments:
Post a Comment