မွန်ပြည်နယ်မှာတွေ့ရတဲ့ စစ်အာဏာဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ (ဓါတ်ပုံ - BB - ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁) |
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို မြန်မာနိုင်ငံနေရာတော်တော်များများမှာ ဆန့်ကျင်ဆန္ဒပြနေကြတဲ့အထဲ တိုင်းရင်းသား ဒေသတွေဖြစ်ကြတဲ့ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာလည်း ဒီကနေ့ လူပေါင်းထောင်သောင်းချီ ပါဝင်ခဲ့ကြပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြတာပါ။ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ပြောပြပေးမှာပါ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်က အဓိကမြို့ကြီးတွေမှာ ဒီကနေ့ ဆက်လက်ပေါ်ပေါက်နေရာမှာ လူပေါင်းထောင်သောင်းချီ ပါဝင်ခဲ့ကြတာပါ။ မွန်ပြည်နယ် မော်လမြိုင်မြို့မှာတော့ ကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး ဒီကနေ့အစောပိုင်းကစ ဆန္ဒပြခဲ့ကြတယ်လို့လည်း လူငယ်တက်ကြွလှုပ်ရှားသူ ကိုကြည်ဇော်လွင်က ပြောပါတယ်။
“မနက် ၈ နာရီကနေ စတယ်။ လူငယ်တွေ ဦးဆောင်တာပေါ့နော်။ အဓိကကတော့ တက္ကသိုလ်ကျောင်းသား အခြေခံပညာကျောင်းသားတွေ အဓိကမြို့ကိုလှည့်တာပေါ့။ သူတို့ကလမ်းကြောင်း သုံး ခု သွားနေတယ်။ တခုနဲ့ တခုမတူဘူးပေါ့။ အားလုံးပေါင်းက ၅၀,၀၀၀ လောက်တော့ရှိနိုင်တယ်။ အဓိကကတော့ အာဏာသိမ်းတာကို ဆန့်ကျင်တယ်။ နောက်အဖမ်းဆီးခံတာတွေ ပြန်လွှတ်ပေးဖို့ပေါ့နော်... အဓိက နှစ်ချက်က အဲဒီဟာပါပဲ။ အဖွဲ့စုံသပိတ်က မနက်ဖြန်စမယ်... မော်လမြိုင်က။ ဆန္ဒဖော်ထုတ်တဲ့ဟာကိုတော့ အရှိန်မြှင့်နေတယ်။”
မော်လမြိုင်မြို့က ဆန္ဒပြပွဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိနေပြီ အားကောင်းလာနေတယ်လို့လည်း ပြောပါတယ်။ ဆန္ဒပြပွဲတွေ အရှိန်ကောင်းလာနေချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေလည်း တိုးမြှင့်ချထားတာရှိပေမဲ့ တစုံတရာ ဟန့်တားတာမျိုးတော့ မရှိဘူးလို့လည်း ကိုကြည်ဇော်လွင်က ပြောပါတယ်။
“လုံခြုံရေးတပ်ဖွဲ့တွေကတော့ နေရာအနှံ့ရှိတယ်။ ဒါပေမဲ့တားဆီးတာတွေ ပိတ်ပင်တာတွေတော့မရှိဘူး။ အာဏာပိုင်တွေလည်း တစုံတရာ မတွေ့နိုင်သေးဘူး။”
မွန်ပြည်နယ်အတွင်းမှာတော့ ကျိုက်ထို ဘီလင်း သထုံ ပေါင် မော်လမြိုင် အစရှိတဲ့ မြို့နယ် ၈ မြို့နယ်မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။
အလားတူ ချင်းပြည်နယ်က မြို့နယ် လေး ခုထက်မနည်းမှာ ဒီကနေ့မှာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ချင်းပြည်နယ်က ဆန္ဒပြပွဲတွေမှာ လူပေါင်းထောင်သောင်းချီ ပါဝင်ခဲ့ကြောင်းလည်း ဒေသခံသတင်းဌာန တခုဖြစ်တဲ့ ခိုနုန်းသုမ်သတင်းဌာနက အယ်ဒီတာ ဆလိုင်းရောဘတ်ကပြောပါတယ်။
“မနက်ပိုင်းကပဲ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှာ လူဦးရေ ၂,၀၀၀ ကျော်လောက်က ဒီတပ်မတော်စစ်အာဏာသိမ်းမှုကို သူတို့ဆန့်ကျင်ကန့်ကွက်တယ်ဆိုပြီးတော့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ မင်းတပ်မြို့မှာလည်း လူဦးရေ ၅,၀၀၀ ကျော်လောက်က ဆန္ဒ ဖော်ထုတ်ခဲ့ကြတယ်။ ထန်တလန်မြို့မှာလည်း ထောင်နဲ့ချီပြီးတော့ ဆန္ဒဖော်ထုတ်တယ်။ ပြီးတော့အခုဟားခါးမှာလည်း သူတို့ဆန္ဒဖော် ထုတ်နေကြပြီးလို့ ကျနော်တို့ သိရတယ်ပေါ့နော်။ အခုလက်ရှိ ချင်းပြည်နယ်အခြေအနေကတော့။”
ချင်းပြည်နယ်နဲ့ ကပ်လျက်ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးနဲ့ တမူးမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ စောင့်ကြည့်နေတဲ့ကြားက ကျင်းပခဲ့တဲ့ ဒီကနေ့ ကလေးမြို့က ဆန္ဒပြပွဲမှာတော့ ပါဝင်သူ သိန်းဂဏန်းအထိရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း ဆလိုင်းရောဘတ်ကပြောပါတယ်။
“စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာပေါ့နော်... ဒုတိယမြောက်နေ့ ဆန္ဒဖော်ထုတ်မှုတို့ မနက်က ၉ နာရီက စတင်တာပေါ့နော်။ ဒီနေ့ လမ်းပေါ်ထွက်တဲ့လူထုအင်အားကတော့ ကျနော်တို့ ခန့်မှန်းသလောက်ဆိုရင် လူဦးရေ ၁၀၀,၀၀၀ ဝန်းကျင်လောက်ရှိတယ်။ ဆန္ဒဖော်ထုတ်တဲ့သူတွေဘေးမှာ ရဲတပ်ဖွဲ့ဝင်တွေ ကားတွေက တောက်ရှောက်လိုက်နေတာပေ့ါနော်။ ဒါပေမဲ့ ဆန္ဒဖော်ထုတ်တဲ့အတွက်ကြောင့်မို့လို့ ဆိုပြီးတော့ ဖြိုခွင်းတာတို့ ဟန့်တားတာမျိုးတွေ မတွေ့ရသေးဘူးဗျ။”
အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်ပေါက်နေတာပါ။ ဆန္ဒပြသူတွေကတော့ စစ်အာဏာသိမ်းမှု အဆုံးသတ်ရေး၊ ဖမ်းဆီးထားတဲ့ အရပ်သား အစိုးရ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ကိုနိုင်ကွန်းအိန်/ VOA Burmese
https://burmese.voanews.com/a/mon-chin-military-coup-protest/5769477.html
No comments:
Post a Comment