ကားပိတ် ဆန္ဒပြပွဲ |
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက နောက်ထပ် ပုဒ်မတခုနဲ့ ထပ်တိုး တရားစွဲလိုက်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဆန္ဒပြသမားတွေက နည်းဗျူဟာသစ်တမျိုးနဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေရဲ့ အဓိက ဗဟိုချက်ဖြစ်တဲ့ ရန်ကုန်မြို့က လမ်းမကြီးတွေပေါ်မှာ မော်တော်ယာဉ်အများအပြား စက်ပျက်တယ်လို့ အကြောင်းပြကာ ပိတ်ဆို့ရပ်ထားခဲ့တာဖြစ်ပါတယ်။
ဒီလိုဆန္ဒပြသူအများစုရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူ့အာဏာဖီဆန်မှု Civil Disobedience Movement လှုပ်ရှားမှုမှာ အစိုးရ ဝန်ထမ်းတွေအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့နဲ့ ဆန္ဒပြသမားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အင်အားသုံး ဖြိုခွင်းမှာကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဆိုကြပါတယ်။
ရန်ကုန်မြို့တွင်း အချက်အချာကြတဲ့ နေရာတွေမှာ မော်တော်ယာဉ်စက်ဖုံးတွေကို ဖွင့်ကာ ကားအများအပြား ပိတ်ဆို့ရပ်ထားတာတွေ့ရပါတယ်။
အခုလို လမ်းတွေပိတ် ကားတွေရပ်ထားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ နေရာအနှံ ဖြစ်ခဲ့ပြီး သယ်ယူပို့ဆောင်မှုစနစ် အခက်အခဲတွေဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
စက်ခေါင်းအဖုံးတွေ ဖွင့်ထားပြီး လမ်းမတွေပေါ်မှာ ပိတ်ရပ်ထားတဲ့ ကားတွေကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးကြည့်ရှုနေတဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။
အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားတွေ အားလုံး ရပ်ဆိုင်းသွားအောင် CDM လှုပ်ရှားမှုမှာ ပြည်သူ့ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ကြဖို့ ဆန္ဒပြသမားတွေဘက်က နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တင်သာမက တရုတ် မြန်မာနယ်စပ် ကုန်စည်ပို့ဆောင်ရေးမှာ အဓိက ကျတဲ့ မူဆယ် ၁၀၅ မိုင်မှာလည်း ကားတွေပိတ် သပိတ်မှောက် ဆန္ဒပြခဲ့ကြလို့ ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ပါတယ်။
ကားပိတ် ဆန္ဒပြပွဲ |
မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှု ပမာဏ အများဆုံးဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် တလျှောက်မှာ ကားတွေပျက်တယ်လို့ ဆိုပြီး ယာဉ်တန်းအများအပြား ပိတ်ဆို့ ရပ်ထားတာကြောင့် ကုန်ပစ္စည်းတွေ စစ်ဆေးပေးနိုင်ခြင်းမရှိဘဲ ပို့ကုန်ရော၊ သွင်းကုန်ပါ ရပ်ဆိုင်းသွားခဲ့တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါး အခြေအနေကို ရောက်နေသလို ကုန်စည်ပို့ဆောင်တဲ့ အဝေးပြေးကုန်ကားတွေလည်း မပြေးဆွဲဘဲ ရပ်ထားတယ်လို့ ယာဉ်မောင်းတွေက ပြောကြပါတယ်။
မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်ကတော့ မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း အခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီကို အခုလို ရှင်းပြပါတယ်။
"ဒီရက်ပိုင်းမှာတော့ တော်တော့်ကို လုပ်ငန်းတွေက ရပ်သလောက်နီးပါးကို ဖြစ်နေတယ်ဗျ။ ကုန်ကားသမားတွေ မသွားကြတာတွေရှိသလို၊ မူဆယ် ၁၀၅ မိုင် ဖြစ်စဉ်မှာဆိုရင် အေးဂျင့်တွေက ဂျူတီမဆောင်ကြဘူး၊ ကားမစစ်ကြဘူးပေါ့ဗျာ။ သူတို့ CDM မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြတယ်၊ အဲဒီအတွက်ကြောင့် လုပ်ငန်းက ရပ်သလောက်ဖြစ်တာပေါ့ဗျာ" လို့ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပထမဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က အာဏာလွှဲပြောင်းယူတာကို ထောက်ခံတဲ့ ပြည်သူ သန်း ၄၀ ကျော်ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့ပြီးတဲ့နောက် နိုင်ငံတဝန်း လူထုဆန္ဒပြပွဲတွေဟာ အရင်ကထက်ပိုပြီး အရှိန်အဟုန်ကောင်းလာခဲ့ပါတယ်။
ရန်ကုန်မြို့အပါအဝင် မြို့ကြီးတချို့မှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲတွေလို့ သတ်မှတ်လို့ရနိုင်တဲ့အထိ လမ်းမတွေပေါ် ထောင်ပေါင်းများစွာသော လူတွေ ပြည့်ခဲ့ပါတယ်။ဒီအရေအတွက်ဟာ လူသန်းနဲ့ချီရှိနိုင်တယ်လို့ တွေ့မြင်ရသူတွေက ပြောပါတယ်။
ဆန္ဒပြသမားတွေကို မြန်မာစစ်တပ်ဘက်က အကြမ်းဖက် အင်အားသုံး ဖြိုခွင်းမှာကို စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်ကလည်း ပြောထားပါတယ်။
BBC Burmese
No comments:
Post a Comment