မြန်မာစစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး အမေရိကန်မှာ ဆန္ဒပြ

ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြနေသူများ ( Photo- VOA မြန်မာပိုင်း သတင်းထောက် )

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်အပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြည်တွင်းပြည်ပ ဆက်လက် ပေါ်ပေါက်နေရာမှာ အမေရိကန် ပြည်ထောင်စုမှာလည်း တက်ကြွလှုပ်ရှားသူတွေ စုဝေးဆန္ဒပြခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ စနေနေ့တုန်းက ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန် ပြည်ထောင်စု မြို့ကြီးတော်တော်များများမှာ တွေ့ခဲ့ရတာပါ။

ကယ်လီဖိုးနီးယားပြည်နယ် Union City မြို့မှာ ဆိုရင်လည်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းလိုက်တဲ့ (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ) CRPH ကို ထောက်ခံကြောင်းနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ကားတွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူတဦးဖြစ်တဲ့ မမြတ်စိုးမွန်ကပြောပါတယ်။

" ကျနော်တို့ဒီ Free Burma Action Committee ကတော့ ဒီတပတ်မှာ အဓိကတော့ CRPH ကို ထောက်ခံကြောင်း အမှတ်တရနဲ့ အထင်ကရ ဖြစ်စေချင်တဲ့အတွက် ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ ထင်ရှားတဲ့ Golden Gate တံတားပေါ်မှာ ကားတွေနဲ့ ၊ အဲဒီကားတွေပေါ်မှာ အလံတွေ ကိုင်ကြမယ်။ ကားခေါင်မိုးတွေပေါ်မှာ စတစ်ကာတွေ ကပ်ပြီးတော့ ဒီက ဒေသခံ မီဒီယာတွေ အကုန်လုံးသိအောင် ကျနော်တို့လုပ်ကြပါတယ်။ "

လော့စ်အိန်းဂျလိ LA မြို့က မြန်မာအရေးလှုပ်ရှားတဲ့အဖွဲ့ တွေကလည်း မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာလည်း အလားတူ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြောင်း မြန်မာ့အရေးလှုပ်ရှားသူ ကိုကျော်ဝဏ္ဏက ပြောပါတယ်။

" ကျနော်တို့ ဒီ LA မိသားစုတွေက CRPH ကိုထောက်ခံပါတယ်။ ကျနော်တို့ရဲ့ တရားဝင်အစိုးရကို ကိုယ်စားပြုတဲ့ တရားဝင်အဖွဲ့အစည်းလို့ပဲ လက်ခံပါတယ်။ ဘာလို့လည်းဆိုတော့ ခုချိန်ထိကို အာဏာလုတဲ့ စစ်အုပ်စုကို အသိမှတ်ပြုပြီးတော့ လက်ခံတဲ့နိုင်ငံ တနိုင်ငံမှ ရှိတယ်လို့ ကျနော်တို့ မကြားမိသေးပါဘူး။ အဲလိုအချိန်မှာ CRPH အနေနဲ့ ဒေါက်တာဆာဆာနဲ့ ကိုထင်လင်းအောင်တို့ကို သံတမန်တွေအဖြစ် ခန့်အပ်တဲ့ဥစ္စာကိုလည်း ဝမ်းပန်းတသာနဲ့ ကြိုဆို ထောက်ခံပါတယ်။ "

မြောက်ကယ်ရိုလိုင်းနားပြည်နယ် Raleigh မြို့မှာလည်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်းနဲ့ CRPH ရဲ့ ဦးဆောင်မှုကို ထောက်ခံကြောင်း စုဝေးဆန္ဒပြခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူ ကိုအောင်သန်းက ပြောပါတယ်။

" မြန်မာပြည်မှာ စစ်အာဏာသိမ်းထားတဲ့ဟာကို ကျနော်တို့ မြောက်ကယ်ရိုလိုင်းနားမှာ နေတဲ့ မြန်မာပြည်သူတွေက လာရောက် ဆန္ဒပြခြင်းဖြစ်ပါတယ်။ CRPH ကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ CRPH ကထုတ်တဲ့ ကြေညာချက်တွေ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကိုလည်း ထောက်ခံပြီး မြန်မာပြည်သူတွေနဲ့ တသားထဲ ကျနော်တို့ ပူးပေါင်းပါဝင် ဆောင်ရွက်နေပါတယ်။ "

ဆန်ဖရန်စစ္စကိုမြို့မှာ ဆိုရင်လည်း အလားတူ လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ ၈၈ မျိုးဆက် ဦးကိုကိုလေးကပြောပါတယ်။

" CRPH ကိုထောက်ခံရခြင်း အကြောင်းရင်းက ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒီအတွက်ကြောင့် ကျနော်တို့က ၁၀၀% အပြည့်အဝ ထောက်ခံတာဖြစ်တယ်။ နောက်တခုက CDM ကို ကျနော်တို့ ထောက်ခံတဲ့ပွဲလည်းဖြစ်တယ်။ လက်နက်နဲ့ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်စစ်အုပ်စုမှာ တရားဝင်မှု Legitimacy မရှိပါဘူး။ ဒါက လက်နက်နဲ့ ဝင်ရမ်းတဲ့ကိစ္စသာလျှင်ဖြစ်တယ်။ ကျုပ်တို့ အနေနဲ့ အသိအမှတ် မပြုနိုင်ဘူး။ ကုလသမဂ္ဂ ကလည်း အသိအမှတ်မပြုအောင် ကျနော်တို့တွေ ဒီဘက်မှာ ကြိုးစားနေပါတယ်။ "

အမေရိကန်နဲ့ ကပ်လျက် ကနေဒါနိုင်ငံ Ottawa မြို့မှာလည်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ စနေနေ့က ပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာ။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/crph-supporting-campaign-in-usa/5795722.html

မြန်မာစစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး အမေရိကန်မှာ ဆန္ဒပြ မြန်မာစစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး အမေရိကန်မှာ ဆန္ဒပြ Reviewed by THITHTOOLWIN on 08:28 Rating: 5

No comments:

Powered by Blogger.