အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဖို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြော


ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဖေ‌ဖော်ဝါရီ ၂၆ ရက် ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ဒီနေ့ပြုလုပ်တဲ့ အထွေထွေညီလာခံ အလွတ်သဘော အစည်းအ‌ဝေးမှာ အာဏာသိမ်းစစ်ကောင်စီကို ကိုယ်စားမပြုဘဲ NLD အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ကိုယ်စားပြု တက်ရောက်တာ ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တရားဝင် ပြောကြားခဲ့တာပါ။

စစ်တပ်အာဏာသိမ်းမှုကို ချက်ချင်းရပ်တန့်ဖို့၊ အပြစ်မဲ့သူတွေအပေါ် ဖိနှိပ်နေတာတွေ ရပ်တန့်ဖို့၊ နိုင်ငံတော်အာဏာကို ပြည်သူတွေလက်ထဲ ပြန်အပ်ဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ အတွက် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ အပြင်းထန်ဆုံး အရေးယူ ဆောင်ရွက်ကြဖို့ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

မိမိတို့အနေနဲ့ ပြည်သူ့အစိုးရအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောပါတယ်။ အစည်းအဝေး တက်ရောက်လာတဲ့ အမေရိကန်၊ ဉရောပသမဂ္ဂ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်အများစုက သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ တင်ပြချက်ကို ချီးကျူး ထောက်ခံခဲ့ကြပြီး၊ စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

ဒီအစည်းအဝေးဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် Christine Burgener ရဲ့ မြန်မာနိုင်ငံအခြေအနေဆိုင်ရာ အစီရင်ခံစာကို ကြားနာတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တာဝန်ကနေ ၂၀၂၀ စက်တင်ဘာလ ၅ ရက်နေ့မှာ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

RFA Burmese



အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဖို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြော အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဖို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြော Reviewed by THITHTOOLWIN on 01:39 Rating: 5

No comments:

Powered by Blogger.