သံတွဲက စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှု |
ရခိုင်ပြည်နယ် သံတွဲမြို့က ဖေဖော်ဝါရီလ ၁၆ ရက် အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြမှုမှာပါဝင်သူတွေနဲ့ ရဲတပ်ဖွဲ့၊ တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ကျောင်းသားလူငယ်တွေအပါအဝင် လေးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ မဆောင်းနှင်းဝေက ဘီဘီစီကို ပြောပါတယ်။
ဆန္ဒပြပွဲစတင်ပြီးမကြာခင်မှာဘဲ ရှေ့ဆုံးကနေ အလံကိုင်ဆန္ဒပြနေကြတဲ့ ကျောင်းသားနှစ်ဦးနဲ့ ကျောင်းသူနှစ်ဦးတို့ကို အရပ်ဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရတဲ့သူတွေက ဆွဲခေါ်ပြီး ဖမ်းဆီးခံလိုက်ရသလို အဲ့ဒီဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ မြို့မရဲစခန်းရှေ့မှာ တောင်းဆိုမှုတွေပြုလုပ်နေကြစဉ် နောက်ထပ်အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးတာ ခံလိုက်ရတယ်လို့ မဆောင်းနှင်းဝေက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားလူငယ်တွေကတော့ မောင်အောင်ခိုင်မြင့်၊ မောင်ရန်ပိုင်ထွေး၊မမြမြဝင်းနဲ့ ဦးခင်အောင်တို့ ဖြစ်ကြပါတယ်။
လက်ရှိမှာတော့ ဦးခင်အောင်ကို မြို့မရဲတပ်ဖွဲ့မှာ ထိန်းသိမ်းထားပြီး၊ မမြဝင်း နဲ့ အောင်ခိုင်မြင့် ကို ၅၅ တပ်ရင်းမှာ၊ မောင်မောင်ကို ၆၆ တပ်ရင်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သတင်းရရှိကြောင်းနဲ့ သူတို့ကို ပြန်လည်လွှတ်ပေးဖို့အတွက် တာဝန်ရှိတဲ့သူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေကြတယ်လို့ မဆောင်နှင်းဝေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက CDM လှုပ်ရှားမှုတွေကို ဂွ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မာန်အောင်မြို့တွေမှာ လူအင်အား အများအပြားနဲ့ပြုလုပ်ခဲ့ကြပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးတာတွေရှိနေတဲ့အတွက် ရပ်နားနေခဲ့ရာကနေ ဒီကနေ့မှာ ပြန်လည်ပြီးတော့ ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အခုလို ဆန္ဒပြမှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးခံထားရသူပေါင်း ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက် အထိဆိုရင် ၁၉ ဦးခန့်ရှိနေပြီလို့သိရပါတယ်။
ဖမ်းဆီးခံနေရသူတွေကိုတော့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်တပ်ရင်းတွေမှာ ထိန်းသိမ်းထားရှိပြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ နဲ့အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဖမ်းဆီးခံလိုက်ရတဲ့သူတွေနဲ့ အဆက်အသွယ်မရရှိဘဲ ဘယ်နေရာကိုရောက်ရှိနေတယ်ဆိုတာကို မသိရဘဲဖြစ်နေတယ်လို့ မိသားစုတွေက ပြောဆိုကြပါတယ်။
BBC Burmese
No comments:
Post a Comment