သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို တရားစွဲတာ နိုင်ငံတော်လုပ်ကြံမှုလို့ ကရင်ဝန်ကြီးချုပ်ပြော ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်။ Photo: RFA
နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အစိုးရက တရားစွဲဆိုခဲ့တာဟာ နိုင်ငံတော်လုပ်ကြံမှုဖြစ်တယ်လို့ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်တပ်က သူမရဲ့ ကိုယ်ပိုင်အိမ်ကို ပြန်ခွင့်မပြုဘဲ ငါးနှစ်ကြာနေထိုင်ခဲ့တဲ့ လက်ရှိအစိုးရနေအိမ်မှာပဲ ဆက်လက် နေထိုင်ဖို့ ညွှန်ကြားထားပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်က နိုင်ငံတော် သမ္မတဦးဝင်းမြင့် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာသိမ်းစစ်အစိုးရက တရားစွဲလိုက်တာဟာ နိုင်ငံတော်လုပ်ကြံမှုပဲလို့ ဝေဖန်ပြောကြားရင်း NLD လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့တွေပေးထားတဲ့ တာဝန်ကို ပီပီပြင်ပြင် ထမ်းဆောင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
တဆက်တည်းမှာပဲ လက်ရှိ အကြမ်းမဖက်လှုပ်ရှားမှုတွေအတွက် ပြည်သူလူထုကို ကျေးဇူးတင်ကြောင်း ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။
ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က သူမကို လက်ရှိအစိုးရနေအိမ်မှာပဲ ဆက်လက်နေထိုင်ဖို့ စစ်အစိုးရက ဘာကြောင့်ခုလို ညွှန်ကြားထားတယ်ဆိုတာကို မသိပါဘူး။ သူမကို တရားစွဲဖို့ စီစဉ်နေတာလည်း ဖြစ်နိုင်ပါတယ်လို့ RFA ကိုပြောပါတယ်။ အခုလို ဒေါ်နန်းခင်ထွေးမြင့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စစ်အစိုးရပိုင်တွေထံက တုံ့ပြန်ပြောကြားချက်ကို လတ်တလော မရနိုင်သေးပါဘူး။
RFA Burmese
No comments:
Post a Comment