စစ်တပ်ကိုဆန့်ကျင်လို့ ဖမ်းခံထားရတဲ့ ရဲညီအကိုနှစ်ဦး မိသားစုနဲ့ တွေ့ခွင့်မရ

စစ်တပ်ကိုဆန့်ကျင်လို့ ဖမ်းခံထားရတဲ့ ရဲညီအကိုနှစ်ဦး မိသားစုနဲ့ တွေ့ခွင့်မရ ကျန်းမာရေး စစ်ဆေးဖို့ အပြင်ထုတ်လာတဲ့ ရဲတပ်သား ညီအကိုနှစ်ဦး။ Ko Min Min/ FB

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ထုတ်ဖော်ရေးသားခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ရဲဝန်ထမ်း ညီအကို နှစ်ယောက်ကို ဒီကနေ့ ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ဆေးရုံမှာ ဆေးစစ်ပေးခဲ့ပါတယ်။

ဖမ်းဆီးခံရပြီး ၁၅ ရက်အကြာမှာ ဒီရဲညီအကို နှစ်ယောက်ကို အပြင်ဆေးရုံမှာထုတ်ပြီး ဆေးစစ်ပေးခဲ့ပေမယ့် မိသားစုတွေနဲ့ တွေ့ဆုံခွင့် မပေးခဲ့ဘူးလို့ ဖခင်ဖြစ်သူ ဦးသန့်စင်က RFA ကို ပြောပါတယ်။

"ကျနော့် သားတွေကို နေ့တိုင်းသွားသွားကြည့်တယ်။ တွေ့ခွင့်တော့ တခါမှ မရဘူး။ ဒေါင့်လေးကနေ လှမ်းလှမ်းကြည့်နေရတယ်" လို့ ဦးသန့်စင်က ပြောပါတယ်။

ဒီကနေ့ ဆေးရုံကို ဆေးစစ်လာတဲ့အချိန်မှာ သားတွေနဲ့ တွေ့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ရဲစခန်းမှူးက တွေ့ဆုံခွင့်မပေးခဲ့ဘဲ ကျန်းမာရေးလာစစ်တာလို့ပဲ အသိပေးခဲ့တယ်လို့ ပြောပါတယ်။

ညီအကိုနှစ်ဦးဖြစ်တဲ့ ရဲတပ်သားသူရိန်လင်းနဲ့ ဒုတပ်ကြပ် တာရာလင်းတို့ နှစ်ဦးဟာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကိုရှုတ်ချပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သူတို့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေးသားခဲ့တာပါ။

အဲ့ဒီလို ရေးသားပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညပိုင်း တာဝန်ချိန်ကျချိန်အတွင်းမှာ သူတို့နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူခံထားရတာ ဖြစ်ပါတယ်။

ရဲဝန်ထမ်းတွေကို မိသားစုနဲ့ ဘာကြောင့် ပေးမတွေ့တာလဲဆိုတာနဲ့ ဒီကနေ့ဆေးစစ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ ကြံခင်းမြို့နယ်ရဲစခန်းမှူး ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဒီကနေ့ ကျန်းမာရေး စစ်ဆေးဖို့ အပြင်ထုတ်လာချိန်မှာလည်း ဒီရဲတပ်သား ညီအကို နှစ်ယောက်ဟာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လက်သုံးချောင်းထောင်ခဲ့ကြတာ တွေ့ရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/two-police-brothers-who-against-military-coup-were-not-allowed-to-see-family-02172021074930.html

စစ်တပ်ကိုဆန့်ကျင်လို့ ဖမ်းခံထားရတဲ့ ရဲညီအကိုနှစ်ဦး မိသားစုနဲ့ တွေ့ခွင့်မရ စစ်တပ်ကိုဆန့်ကျင်လို့ ဖမ်းခံထားရတဲ့ ရဲညီအကိုနှစ်ဦး မိသားစုနဲ့ တွေ့ခွင့်မရ Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.