ဆန္ဒပြလို့ဆိုပြီး လက်တုံ့ပြန်တာမျိုး မလုပ်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ကုလအတွင်းရေးမှူးချုပ် သတိပေး
သတင်းရပိုင်ခွင့်နဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို မထိပါးဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း |
မြန်မာနိုင်ငံထဲက မြို့ကြီးတွေမှာ စစ်တပ်က သံချပ်ကာကားတွေ နေရာ ချထားလာတာ အပါအ၀င် အင်အားတွေ တိုးမြှင့်လာနေတဲ့ အခြေအနေအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်ညူ ဂူထာရက်ရှ် အင်မတန် စိုးရိမ်နေတယ်လို့ ထုတ်ပြန်ပါတယ်။
ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် အပေါ်အပြည့်အ၀ လေးစား လိုက်နာပါ။ ဆန္ဒပြလို့ ဆိုပြီး လက်တုံ့ပြန်တာမျိုး မလုပ်ပါနဲ့လို့ မြန်မာ စစ်တပ်နဲ့ ရဲတွေကို ကုလ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတယ်ဖင်ဒူဂျာရစ်က ပြောပါတယ်။
သတင်းရပိုင်ခွင့် အပါအ၀င် လွတ်လပ်စွာဖော်ထုတ်ခွင့်ကို မထိပါးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။
ကုလသမဂ္ဂ အဖွဲ့၀င် နိုင်ငံတွေ အနေနဲ့ တစ်နိုင်ငံချင်းစီ အနေနဲ့ရော၊ စုပေါင်းပြီးတော့ရော မြန်မာပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေ အကာအကွယ်ဖြစ်စေဖို့ ဆောင်ရွက်ပေးကြပါ ဆိုပြီးတော့လည်း မစ္စတဂူတားရက်ရှ်က ပန်ကြားပါတယ်။
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေ ရရှိအောင် လုပ်ဆောင်နေတဲ့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှု အပေါ်မှာလည်း ဆက်လက်ပြီး ခိုင်ခိုင်မာမာ အားပေးထောက်ခံသွားမယ်လို့လည်း မစ္စတာဂူတားရက်ရှ်က ကတိပြုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စ ခရစ္စတင်း ရှရနာ ဘူရ်ဂါနာကိုလည်း မြန်မာနိုင်ငံထဲက အခြေအနေတွေကို မျက်မြင် ဆန်းစစ်နိုင်ဖို့ ချက်ခြင်း ပြည်၀င်ခွင့်ပေးပါလို့လည်း မြန်မာ စစ်အာဏာပိုင်တွေကို ကုလအတွင်းရေးမှူးချုပ်က တောင်းဆိုပါတယ်။
BBC Burmese
No comments:
Post a Comment