ဆန္ဒပြမှုတွေနဲ့ စင်ပြိုင်အစိုးရဖွဲ့သူတွေကို အရေးယူဖို့ စစ်ကောင်စီဆွေးနွေး

ဆန္ဒပြမှုတွေနဲ့ စင်ပြိုင်အစိုးရဖွဲ့သူတွေကို အရေးယူဖို့ စစ်ကောင်စီဆွေးနွေး စစ်အာဏာရှင်ဆန့်ကျင်ရေး အစိုးရဝန်ထမ်းများ ဆန္ဒပြနေကြစဉ်။ Photo: RFA

အာဏာသိမ်းတပ်မတော်က ဖွဲ့စည်းထားတဲ့ အရပ်သား ၈ ဦးပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပြီး CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေ ဖော်ထုတ်အရေးယူရေး၊ သတင်းမီဒီယာတွေ သတင်းရေးသားထုတ်ပြန်မှုတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီက တဆင့်ကြပ်မတ်ရေး၊ ၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဖွဲ့ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို အရေးယူရေး၊ စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒီနေ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးမှာ ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဆရာဝန်တွေကြောင့် ပြည်သူ လူထုနစ်နာနေရပြီး တာဝန်ပျက်ကွက်နေသူတွေကို အရေးယူသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး အစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့အညီ ရိုးသားစွာဆောင်ရွက်နေပြီး ကောင်စီဝင်တွေအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

CDM မှာပါဝင်ကြတဲ့ ဆရာဝန်တွေကတော့ စစ်အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျရေးအတွက် အခုလို လုပ်ငန်းခွင် မဝင်ကြတာဖြစ်ပြီး နာမကျန်းဖြစ်တဲ့ ပြည်သူတွေအတွက် ပြင်ပဆေးခန်းတွေမှာ အခမဲ့ကုသပေးနေတယ်လို့ ကြေညာထားပါတယ်။

နိုင်ငံအတွက် အဓိက လုပ်ငန်းဖြစ်တဲ့ ဘဏ်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီကနေ့ အစည်းအဝေးမှာပြောခဲ့ပါတယ်။

လက်ရှိမှာ ဘဏ်ဝန်ထမ်း တော်တော်များများလည်း CDM လူထုလှုပ်ရှားမှုမှာပါဝင်နေတာကြောင့် လုပ်ငန်းရပ်ဆိုင်းရတဲ့ အခြေအနေအထိ ဖြစ်နေပါတယ်။

ဒီအစည်းအဝေးအတွင်း ကောင်စီဝင်တွေက တင်ပြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်အေင်လှုံ့ဆော် သူတွေကို အရေးယူဖို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စင်ပြိုင်အစိုးရအဖွဲ့ကို အရေးယူဖို့၊ NLD အစိုးရလက်ထက်က ပြည်ပအကြံပေးခန့်အပ်မှုတွေကို အရေးယူဖို့ တင်ပြကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဘဲ NLD ပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေပေါင်းပြီး စင်ပြိုင်အစိုးရအနေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ အွန်လိုင်းကနေ အစည်းအဝေးခေါ်ယူပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ထုတ်ပြန်ချက် မှန်သမျှကို မလိုက်နာဖို့ ပြည်သူတွေကို တိုက်တွန်းနေတဲ့ ကော်မတီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-coup-leader-meeting-02152021103005.html

ဆန္ဒပြမှုတွေနဲ့ စင်ပြိုင်အစိုးရဖွဲ့သူတွေကို အရေးယူဖို့ စစ်ကောင်စီဆွေးနွေး  ဆန္ဒပြမှုတွေနဲ့ စင်ပြိုင်အစိုးရဖွဲ့သူတွေကို အရေးယူဖို့ စစ်ကောင်စီဆွေးနွေး Reviewed by THITHTOOLWIN on 22:58 Rating: 5

No comments:

Powered by Blogger.