နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ သမ္မတဦးဝင်းမြင့် ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အမှုဖွင့်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်က RFA ကို အတည်ပြု ပြောလိုက်ပါတယ်။
အမှုစတင် စစ်ဆေးဖို့အတွက် ဒက္ခိဏခရိုင်တရားရုံးက သတင်းနှစ်ပတ် ချုပ်ရက်ရမန် ဒီကနေ့ ပေးလိုက်တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာရေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို တရားစွဲလိုက်တဲ့အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တရားဝင်ထုတ်ပြောတာ မရှိသေးပေမယ့် လူမှုကွန်ရက်စာမျက်နှာမှာတော့ ရဲတပ်ဖွဲ့ရဲ့ တရားစွဲရမန်ယူတဲ့ စာတွေထွက်ပေါ်နေပါတယ်။
စစ်အာဏာသိမ်းတဲ့နေ့မှာ ဒေါ် အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ် .... ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ဆီကနေ အင်တာကွန်းစကားပြောစက် (၆) လုံး၊ အိမ်ဝင်းဂိတ်အဖွဲ့ဆီကနေ စကားပြောစက် (၃) လုံး၊ ကိုယ်ရေးအရာရှိအဆောင်ဆီကနေ စကားပြောစက် (၁) လုံးတွေ့ရှိခဲ့တယ်… လို့ဆိုပါတယ်။
အဲ့ဒီစက်တွေဟာ ခွင့်ပြုချက်မရှိတဲ့ တင်သွင်းအသုံးပြုတဲ့စက်တွေဆိုပြီး သတင်းရဲတပ်ဖွဲ့ ရဲမှူး ကြည်လင်းက အမှုဖွင့်ထားတယ်လို့ အွန်လိုင်းမှာထွက်ပေါ်နေတဲ့ စာမှာတွေ့ရပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ .....ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေအတွင်း NLD ပါတီက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူရာချီလှည့်လည်ရာမှာ သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုအပြင်၊ သမီးဖြစ်သူကပါ သမ္မတအိမ်တော်ရှေ့ထွက်ပြီး နှုတ်ဆက်ခဲ့တာဟာ ကပ်ရောဂါကာလ လိုက်နာရမယ့် စည်းကမ်းချက် အမိန့်တွေကို ချိုးဖောက်ခဲ့တယ်…လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့အမှုဖွင့်အရေးယူဖို့ ရဲမှူး မြင့်နိုင်က တရားလိုလုပ်ပြီး တိုင်ထားတာလို့ ဖော်ပြထားပါတယ်။
အွန်လိုင်းပေါ်မှာထွက်ပေါ်နေတဲ့ အဲ့ဒီစာတွေကို ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းအေး ကအတည်ပြု လက်မှတ်ထိုးထားတာလည်း တွေ့ရပါတယ်။
NLD ပါတီရဲ့ ပြောခွင့်ရှိသူ ဦးအောင်ကြည်ညွှန့်က… အွန်လိုင်းပေါ်မှာ ထွက်ပေါ်နေတဲ့စာမှာ ပါတဲ့အချက်တွေအတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို တရားစွဲထားတယ်လို့ RFA ကို ဒီကနေ့ ညနေပိုင်းမှာ အတည်ပြုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။
သမ္မတ ဦးဝင်းမြင့်ကို စွဲထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို လက်ရှိ ဘယ်မှာထိန်းသိမ်းထားတယ် ဆိုတာတော့ မသိရသေးပါဘူး။
RFA Burmese
https://www.rfa.org/burmese/news/aung-san-suu-kyi-detain-myanmar-military-coup-02032021065546.html
No comments:
Post a Comment