ရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းတဲ့အပေါ် တုံ့ပြန်ချက်များ

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးမှ တိုင်းရင်းသားပါတီများနဲ့တွေ့ဆုံစဉ် (ဓာတ်ပုံ- Reuters)

အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီက အသစ် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် UEC က ၂၀၂၀ ရွေးကောက်ပွဲဟာ ပျက်ပြယ်သွားပြီးဆိုတဲ့ သဘော ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတချို့နဲ့ မဲဆန္ဒရှင်တချို့ရဲ့ တုန့်ပြန်မှုတွေအကြောင်းကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြပေးထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ဒုတိယ အများဆုံး အနိုင်ရထားတဲ့ပါတီ ဖြစ်ပါတယ်။ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်ကတော့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ UEC အသစ်ရဲ့ ပြောဆိုချက်အပေါ်မှာ ခုလို တုန့်ပြန်ပါတယ်။

စိုင်းကျော်ညွန့်။ ။ "SNLD အနေနဲ့တော့ ပြောလို့မရဘူး။ ကျနော့်တဦးထဲသဘောအရဆိုရင် ကျနော့်ပါတီက စစ်အာဏာသိမ်းတာကိုလည်း ပြင်းပြင်ထန်ထန်ကန့်ကွက်တယ်လို့ထုတ်ပြန်ထားပြီးဖြစ်တယ်။ နောက်ပြီးတော့ ဒီ စစ်ကောင်စီက ဖွဲ့ထားတဲ့ UEC ဆိုတာကလည်း တရားမဝင်ပါဘူူး။ သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ ပြောဆိုနေတဲ့ဟာတွေအားလုံးက တရားမဝင်ပါဘူး။ ကျနော်တို့အသိအမှတ်လည်း မပြုပါဘူး။"

နိုဝင်ဘာ ရွေးကောက်ပွဲမှာ တဦးမှ အနိုင်မရခဲ့တဲ့ NDF ပါတီကတော့ UEC အသစ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ခုလို မြင်ကြောင်း NDF ပါတီအတွင်းရေးမှူး ဦးအောင်ဇင်က ပြောပါတယ်။

ဦးအောင်ဇင်။ ။" ကျနော်တို့အနေနဲ့ကတော့ ၂၀၂၀ မဲရလဒ်က မဲမသမာမှုတွေ၊ သံသယဖြစ်ဖွယ်ကိစ္စတွေ အများကြီးဖြစ်ပွားနေတယ်။ ရွေးကောက်ပွဲတရပ်အနေနဲ့တော့ ကျနော်တို့က အသိအမှတ်ပြုတယ်။ လက်လည်း လက်ခံတယ်ပေါ့နော် ။ ဒါပေမယ့် အခုချိန်မှာ ဥပဒေအရ စစ်ဆေးနေတာဖြစ်နေတဲ့အတွက် လက်ရှိစစ်ဆေးနေတဲ့ အချိန်ကြီးကိုတော့ ကျနော်တို့ဒါကို အတိအကျကြီးပေါ့နော်၊ ခုနက UEC ကပြောသလိုပဲ ဒါကြီးဟာ ပျက်ပြယ်သွားပြီလို့တော့ ကျနော်တို့မမှတ်သေးပါဘူး။"

အမေရိကန်ပြည်ထောင်စုမှာ လတ်တလော နေထိုင်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ကိုယ်တိုင်မဲပေးခဲ့တဲ့ မေရီလန်းပြည်နယ်က မခင်နှင်းမာကတော့ နိုဝင်ဘာရွေးကောက်ပွဲအတွင်း သူတို့ မဲပေးရွေးချယ်မှုကသာ အတည်ဖြစ်တယ်လို့ ခံယူပါတယ်။

မခင်နှင်းမာ။ ။ " အဲဒါကိုတော့ ကျမက လုံးဝ အသိအမှတ်မပြုပါဘူး။ ဘာလို့လဲဆိုတော့ နိုဝင်ဘာလတုန်းက ကျနော်တို့ပေးခဲ့တဲ့ မဲ သည် ကျနော်တို့ကျေနပ်တဲ့၊ သဘောကျတဲ့ ပါတီ၊ ကိုယ်စားလှယ်တွေကို ကျမတို့ရွေးခဲ့တာ။ အဲဒါကြောင့်မို့ကျနော်တို့ရဲ့သဘောထားအမှန်အကန်တွေကို ကျနော်တို့ပြောထားပြီးသား။ ကျနော်တို့ကို စော်ကားတယ်လို့ကျနော်သတ်မှတ်တယ်။ ကျနော်ဆိုရင်လည်း ဒီ မြန်မာပြည်မှာနေတာမဟုတ်ဘူး ဒီနိုင်ငံမှာနေတာ။ ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်မီမှာကတည်းက ဘယ်လိုလူမျိူးတွေက NLD ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ရွေးချယ်တယ်ဆိုတာကို ကျမဝင်ကြည့်တယ်။

တကယ်လည်းကြိုက်လို့၊ တကယ်လည်း ယုံကြည်လို့ကျမပေးထားခဲ့တဲ့လူတွေ။ အဲဒါကြောင့်မို့ ကျနော်တို့ရဲ့ ရွေးချယ်ထားတဲ့ ဒီ ရွေးကောက်ပွဲကိုပေါ့နော် လက်မခံဘူးဆိုတဲ့ဟာ လုံးဝ အသိအမှတ်မပြုပါဘူး။ ကျနော်တို့ရဲ့ တကယ့်အစိုးရအစစ်မှန်သည် NLD အစိုးရပဲဖြစ်ပါတယ်။ အဲဒါကိုတော့ ကျမပြောချင်တယ်။"

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်သတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 


 ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/union-election-committee-Myanmar-coup-reactions-/5794972.html

ရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းတဲ့အပေါ် တုံ့ပြန်ချက်များ ရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းတဲ့အပေါ် တုံ့ပြန်ချက်များ Reviewed by THITHTOOLWIN on 09:39 Rating: 5

No comments:

Powered by Blogger.