မြန်မာစစ်တပ်က နိုင်ငံခြား အရံငွေ အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံခန့်ကို ထိန်းချုပ်ထားပြီး ကမ္ဘာ့ ဘဏ္ဍာရေးစနစ်ကို လက်လှမ်း



မြန်မာစစ်တပ်က နိုင်ငံခြား အရံငွေ အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံခန့်ကို ထိန်းချုပ်ထားပြီး ကမ္ဘာ့ ဘဏ္ဍာရေးစနစ်ကို လက်လှမ်းမီနေသည်။

အကြမ်းဖက် ဖြိုခွဲမှုနှင့် စစ်အုပ်ချုပ်ရေး တိုးချဲ့လာမှုကို တားဆီးရန် အရေးပေါ် ဆောင်ရွက်မှု လိုအပ်နေပြီ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်။ မြန်မာ။ မြန်မာစစ်တပ်က ၎င်းတို့၏ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင်သည့် အာဏာသိမ်းမှု နောက်ပိုင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံခြား အရံငွေ အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံခန့်ကို ယခုအခါ ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြား အရံငွေများအနက် ဒေါ်လာ ၁ ဘီလီယံကို အမေရိကန် အစိုးရက ထိန်းချုပ်လိုက်ပြီး နောက်တွင် ဘီလီယံများစွာ ကျန်ရှိပျောက်ဆုံးနေသေးကြောင်း မိမိတို့မှ သတိပြုမိသည်။ နိုင်ငံခြား အရံငွေများသည် နိုင်ငံ၏ အချုပ်အခြာ ပိုင်ဆိုင်မှုများဖြစ်သောကြောင့် မြန်မာပြည်သူများ၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ယခု ချက်ချင်း အရေးယူဆောင်ရွက်မှု မရှိပါက ဤအရံငွေများသည် မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်ရေးကို တည်တံ့ခိုင်မြဲသွားစေမည့်အပြင်၊ တိုးများလာနေသော စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကို ရက်စက်ကြမ်းကြုတ်စွာနှင့် ကျယ်ပြန့်စွာ ဖိနှိပ်မှုများကို ငွေကြေးထောက်ပံ့ ပေးစေနိုင်ပြီး ထိပ်တန်းဗိုလ်ချုပ်ကြီးများကို ပိုမို ကြွယ်ဝ ချမ်းသာစေလိမ့်မည်။

Justice For Myanmar မှ ဘဏ်လုပ်ငန်း ကဏ္ဍအတွင်းသို့စုံစမ်းစစ်ဆေးရာတွင် မြန်မာစစ် တပ်သည် နိုင်ငံတကာ ဘဏ္ဍာရေး စနစ်အတွင်းသို့ နိုင်ငံခြား ထောက်ပံ့မှုများနှင့် ဘဏ်ဆိုင်ရာ ကွန်ပြူတာနည်း ပညာများ အကူအညီများအားဖြင့် SWIFT ၊ နိုင်ငံခြားအဆက်အသွယ် ဘဏ်များ၊ နှင့် အကြွေးဝယ်ကပ် (ကရပ်ဒစ်ကပ်) ကုမ္ပဏီများ မှ တဆင့်  လက်လှမ်းမီလျက်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ အလျင်အမြန် အရေးယူဆောင်ရွက်ခြင်း မရှိပါက ယင်း ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်များနှင့် အဖွဲ့အစည်းများသည် မြန်မာ စစ်တပ်၏ ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ ပေးသလို ဖြစ်တော့မည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် အောက်ပါ လုပ်ဆောင်မှုများ ချက်ချင်း ဆောင်ရွက်ရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

• မြန်မာနိုင်ငံ၏ ဘီလီယံနှင့် ချီသော နိုင်ငံခြား အရံငွေများ ကို ဗိုလ်ချုပ်ကြီး များ အလွဲသုံးခြင်း မပြုနိုင်ရန် သို့မဟုတ် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုကို ငွေကြေးပံ့ပိုးမှုများ မလုပ်နိုင်ရန် ရှာဖွေ ထိန်းချုပ်ပါ။

• မြန်မာနိုင်ငံရှိ စစ်တပ် ထိန်းချုပ်ထားသော ဘဏ်များနှင့် လုပ်ဆောင်နေသော လုပ်ငန်းအားလုံးကို ရပ်တန့်ပါ။ ထိုဘဏ်များအနေဖြင့် SWIFT ဆက်သွယ်ရေး ကွန်ရက်ကို ဆက်လက် အသုံးမပြု စေနိုင်ရန် လုပ်ဆောင်ရန်လည်း ဆိုလိုသည်။

• ယခုအခါ စစ်တပ် ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်သော ဗဟိုဘဏ် အပါအဝင် မြန်မာနိုင်ငံရှိ နိုင်ငံပိုင် စီးပွားရေး အေဂျင်စီများနှင့် နိုင်ငံပိုင် ဘဏ်များအား ပေးနေသော လူသားချင်စာနာမှုဆိုင်ရာ မဟုတ်သည့် အကူအညီများအားလုံးကို ရပ်ဆိုင်းပါ။

• နိုင်ငံတော်က အပြည့်အဝ သို့မဟုတ် တစ်စိတ်တပိုင်း ပိုင်ဆိုင်သော ဘဏ်များနှင့် စစ်တပ်ပိုင်သော ဘဏ်များအပါအဝင် စီးပွားရေး လုပ်ငန်းများ အပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုကို ချမှတ်ပါ။

Justice For Myanmar ပြောရေး ဆိုခွင့်ရှိသူ မရတနာမောင်က “ရက်စက်ပြီး အကျင့်ပျက်ချစားနေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ လူထုအပေါ် ဖိနှိပ်မှုနဲ့ တရားမဝင်တဲ့ သူတို့ရဲ့ စစ်အုပ်စု အာဏာ တည်ဆောက်မှုကို လုပ်ဆောင်နိုင်ဖို့ ကျွန်မတို့ရဲ့ နိုင်ငံခြား အရံငွေတွေနဲ့ ကမ္ဘာ့ ဘဏ္ဍာရေးစနစ် အပေါ် လက်လှမ်းမီနိုင်မှုကို မှီခိုနေရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက အဲလို ဖြစ်ခွင့် မပေးပါနဲ့။ ချက်ချင်း အရေးယူတုန့်ပြန်မှုကို အခု မလုပ်ဘူးဆိုရင် စစ်တပ်က ပြည်သူတွေအပေါ် ဖိနှိပ်ရက်စက်မှုတွေကို ဆက်လက်ကျူးလွန်မှာဖြစ်ပြီး ပြည်သူ့ပိုင်ဆိုင်မှုတွေကို သူတို့လက်ထဲကို လွှဲပြောင်းယူကြမှာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ တာဝန်ခံမှုနဲ့ လူ့အခွင့်အရေး ကာကွယ်မှုအတွက် ရုန်းကန်လှုပ်ရှားမှုကို ပံ့ပိုးတဲ့ အနေနဲ့ ချက်ချင်း အရေးယူလုပ်ဆောင်ပေးဖို့ လိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဘဏ်လုပ်ငန်းတွေအနေနဲ့ ချက်ချင်း အရေးယူဆောင်ရွက်ပေးခြင်းအားဖြင့် လူထုရဲ့ ရုန်းကန်လှုပ်ရှားမှုကို ပံ့ပိုးအားပေးကြရပါမယ်။"


Justice For Myanmar

https://www.facebook.com/justiceformyanmar.org/

မြန်မာစစ်တပ်က နိုင်ငံခြား အရံငွေ အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံခန့်ကို ထိန်းချုပ်ထားပြီး ကမ္ဘာ့ ဘဏ္ဍာရေးစနစ်ကို လက်လှမ်း မြန်မာစစ်တပ်က နိုင်ငံခြား အရံငွေ အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံခန့်ကို ထိန်းချုပ်ထားပြီး ကမ္ဘာ့ ဘဏ္ဍာရေးစနစ်ကို လက်လှမ်း Reviewed by THITHTOOLWIN on 06:38 Rating: 5

No comments:

Powered by Blogger.