အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆုဒီရဲ့ မြန်မာခရီးစဉ် ပျက်ပြယ်


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စ မာဆုဒီရဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ လာရောက်ဖို့ရှိတဲ့ မြန်မာခရီးစဉ် ပျက်သွားပြီဖြစ်ကြောင်း  ရိုက်တာသတင်းကဖော်ပြပါတယ်။

မာဆုဒီဟာ စစ်အာဏာသိမ်းဗိုလ်ချုပ်ကြီးတွေနဲ့ ဆွေးနွေးဖို့ မြန်မာနိုင်ငံကို သွားရောက်ဖို့မရှိဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကိုကိုးကားပြီး ဖော်ပြထားတာဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲပြန်ကျင်းပဖို့အစီအစဉ်ကို အာဆီယံနိုင်ငံတွေထောက်ခံဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တဲ့အပေါ် မြန်မာပြည်သူတွေက တခဲနက် ကန့်ကွက်ခဲ့ကြသလို မနေ့က အင်ဒိုနီးရှားသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေကို မနေ့ မွန်းလွဲပိုင်းမှာ အင်ဒိုနီးရှားသံအရာရှိတစ်ဦးက ထွက်တွေ့ခဲ့ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုအလေးထားကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားချက်ကို နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ဝန်ကြီး မာဆုဒီကလည်း နောက်ပိုင်းမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားရမယ်လို့ ပြင်ဆင်ပြောဆိုခဲ့ပါတယ်။ 

ဒါပေမဲ့ မနေ့ညပိုင်းမှာ  ဝန်ကြီးမာဆုဒီရဲ့ မြန်မာပြည်ခရီးစဉ် အကြောင်း စာရွက်စာတမ်းတွေ အွန်လိုင်းပေါ်ပေါက်ကြားလာတာကြောင့် အာဏာသိမ်းစစ်ကောင်စီကို ပထမဆုံးအသိအမှတ်ပြုလာရောက်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်ကို ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။

ဒါကြောင့် ဒီနေ့မနက်မှာလည်း ရန်ကုန်က အင်ဒိုနီးရှားသံရုံးရှေ့မှာ စုဝေးဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။ 

အခုတော့ ဝန်ကြီးမာဆုဒီရဲ့ခရီးစဉ် ပျက်သွားပြီဖြစ်ပြီး အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Teuku Faizasyah ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ တခြားအာဆီယံနိုင်ငံတွေရဲ့သဘောထားတွေကို ထည့်သွင်းစဉ်းစားပြီးနောက် ဒီအချိန်ဟာ မြန်မာနိုင်ငံကို  သွားရောက်ဖို့အကောင်းဆုံး အချိန် ဟုတ်မနေဘူးလို့ ပြောကြားပါတယ်။


BBC Burmese

https://www.facebook.com/BBCnewsBurmese

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆုဒီရဲ့ မြန်မာခရီးစဉ် ပျက်ပြယ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆုဒီရဲ့ မြန်မာခရီးစဉ် ပျက်ပြယ် Reviewed by THITHTOOLWIN on 10:29 Rating: 5

No comments:

Powered by Blogger.