စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း ရွှေဝါရောင်သံဃာ့ကွန်ရက်က ကြေညာလိုက်ပါတယ်။
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်ကို ဥပက္ခာပြုပြီး စစ်တပ် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာ့ကွန်ရက်က တနင်္လာနေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီး ရွှေဝါရောင်တော်လှန်ရေးမှာ ထောင်ဒဏ် ၆၅ နှစ်ချမှတ် ခံခဲ့ရတဲ့ ပခုက္ကူက ဆရာတော် အရှင် စိန္တိတ က -
“ပြည်သူတွေ တခဲနက်ပေးထားတဲ့ မဲရလဒ်ကို လျစ်လျူရှု မထီမဲ့မြင်လုပ်ပြီးတော့ စစ်အာဏာ သိမ်းပစ်တာရယ်၊ နောက် နိုင်ငံတော်သံဃမဟာနယက ဒီလိုဖြစ်မှာကို မလိုလားလို့ စာရေးပြီး မေတ္တာရပ်ခံခဲ့တာတွေကို အသိအမှတ်မပြုဘူး။ မထီမဲ့မြင် လုပ်ပြီး အာဏာသိမ်းတာကို ဦးဇင်းတို့က ကန့်ကွက်တယ် ရှုံ့ချတယ်။ အဓိက ရဟန်းသံဃာတွေကို ပြောချင်တာက ဖြစ်လာတဲ့ ပြဿနာတွေကို ပြည်သူနဲ့အတူ ဖြေရှင်းပေးဖို့ပေါ့”
ရွှေဝါရောင်ကိုယ်တော်တွေရဲ့ ကြေညာချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ဖမ်းဆီးခံအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပြီး သံဃာတွေအနေနဲ့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။ အာဏာသိမ်း စစ်အစိုးရက လတ်တလောမှာ သံဃာတချို့ကို ဖမ်းဆီးထားပြီး တချို့ကို လိုက်လံရှာဖွေနေပါတယ်။ ဖမ်းဆီးခံနေရသူတွေထဲမှာ မြဝတီမင်းကြီးဆရာတော် အရှင် အရိယာဝံသာဘိဝံသ၊ အလင်္ကာကြယ်ဆရာတော် ဦးသောဘိတ နဲ့ ရွှေညဝါဆရာတော်ကြီးတို့လည်း ပါဝင်ပါတယ်။
ဘားအံမြို့ရှိ အရှင်မင်းသုညကလည်း ညီညွတ်ရေး အဓိကလိုအပ်တယ်လို့ မိန့်ပါတယ်။
“အခု အချိန်မှာ မိမိတို့ အိမ်ထဲမှာနေပါ။ အိမ်ထဲကနေ NLD အလံတွေ လွှင့်ထူပါ။ အိမ်ထဲကနေပြီးတော့ ညတိုင်းမှာလည်း စစ်အာဏာရှင် အလိုမရှိ ဆိုပြီးတော့ သံပုံးတွေတီးပြီး ခေါက်ထုတ်နိုင်ရင် ကောင်းပါတယ်။ မိမိတို့ တတိုင်းပြည်လုံးက ညီညီညွတ်ညွတ်နဲ့ တော်လှန်ကြမှာသာလျှင် ရပါမယ်။ စစ်အာဏာရှင်ကို လက်ခံလိုက်ရင် ဦးဇင်းတို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ဘဝ သားစဉ်မြေးဆက်ဟာ ဘယ်လိုနည်းနဲ့မှ လူစဉ်မီမှာ မဟုတ်ပါဘူး။ အခုဒါဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ ဦးဇင်းတို့ ပြည်သူပြည်သားအားလုံးရဲ့ အနာဂတ် အိပ်မက်ပါ။ ထွက်ပေါက်ပါ တခုတည်းသော ထွက်ပေါက်ပါ။ ဒီထွက်ပေါက်ကို ပိတ်လိုက်ရင် ဦးဇင်းတို့ ပြည်သူပြည်သားတွေအတွက်ဟာ လုံးဝ မျှော်လင့်ချက်လမ်း မရှိပါဘူး။ ဒါဟာ နောက်ဆုံးအခြေအနေ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေကလည်း သူတို့အတွက် နောက်ဆုံး အခြေအနေကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ဦးဇင်းတို့ကလည်း ဦးဇင်းတို့ပြည်သူတွေအတွက် ဒါ နောက်ဆုံးအခြေအနေ လမ်းပါပဲ။ စစ်အာဏာ မချုပ်ငြိမ်းသရွေ့ ဦးဇင်းတို့ ပြည်သူ ပြည်သားတွေရဲ့ အနာဂတ်အိပ်မက်ဟာ ဘယ်လိုနည်းနဲ့မှ မကောင်းနိုင်ပါဘူး။ ဒါကြောင့် မိမိတို့အားလုံးက မိမိတို့ တိုင်းပြည်အတွက် တက်ညီလက်ညီ နဲ့ အားလုံး ကျောချင်းကပ်ထားပြီး ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြပါလို့ ပြောလိုပါတယ်။”
မန္တလေးမြို့ရှိ အရှင်ပညိဿရာလင်္ကာရကလည်း ဥပဒဘောင်အတွင်းကနေ စစ်အစိုးရကို ဆန့်ကျင်ကြဖို့ နှိုးဆော်ခဲ့ပါတယ်။
"လက်ရှိဦးဇင်းတို့ နိုင်ငံရဲ့ အခြေခံကိုက ဒီမိုကရေစီနိုင်ငံတခုကို အားလုံးက ဝိုင်းဝန်း တည်ဆောက်နေကြတာပေါ့။ အဲဒါကြောင့် ဒီမိုကရေစီစနစ်အရ ပြည်သူလူထုက တရားမျှတစွာ တင်မြှောက်ထားတဲ့အစိုးရကို တပ်မတော်က အာဏာသိမ်းပြီး ဖြုတ်ချ လိုက်တဲ့အပေါ်မှာ ပြည်သူပြည်သားတွေက ဥပဒေဘောင်အတွင်းကနေ အကြမ်းမဖက်တဲ့ နည်းနဲ့ ဝိုင်းဝန်းပြီး ညီညီညွတ်ညွတ် ဆန့်ကျင်နေကြတာဟာ တကယ် အားရစရာ ကောင်းပါတယ်။ အခုဆိုရင် ပြည်သူတွေက အကြမ်းမဖက်တဲ့နည်းနဲ့ ခေါင်းဆောင်တွေရဲ့စကားကို နားထောင်ပြီးတော့ ဘောင်အတွင်းကနေ ည ၈ နာရီမှာ ပြည်သူတွေက တပြိုင်နက် သံပုံးတီးပြီး ဝိုင်းဝန်းဆန္ဒပြနေကြတာ ဆန္ဒထုတ်ဖော်နေကြတာဟာ ဒါ တကယ်ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ ဆရာဝန်တွေ သူနာပြုတွေကလည်းဘဲ ဒီအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဖဲကြိုးအနီကို ရင်ဘတ်မှာတပ်ပြီး ရုံးဆင်းကြတာတွေ အလုပ်လုပ်ကြတာရှိတယ်။ ဆရာမတွေ ဆရာဝန်တွေ ကလည်းဘဲ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေကြတာဟာ ဒါ ပြည်သူတွေအတွက် အားရစရာပါပဲ"
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသမှုအဖြစ် မြန်မာနိုင်ငံအနှံ့အပြားမှာ ပြည်သူတွေက မနေ့ညက စပြီး ည ၈ နာရီမှာ သံပုံးတွေတီးကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တချို့လည်း စစ်အစိုးရ ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အိမ်တွင်းကနေ အော်ဟစ်ခဲ့ကြပါတယ်။ နေအိမ် အများအပြားမှာတော့ NLD အလံတွေ လွှင့်ထူထားပါတယ်။
RFA Burmese
No comments:
Post a Comment