ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်ဖို့ ဆက်ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွား

 ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်ဖို့ ဆက်ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွား

အာဏာသိမ်း စစ်ခေါင်းဆောင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကို ပထမဆုံး အကြိမ် ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ‌ရှေ့ဆက် လုပ်ဆောင်သွားမယ့် နိုင်ငံ‌ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးမူဝါဒတွေ အကြောင်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်လို့ ထည့်သွင်း ပြောသွားခဲ့ပါတယ်။

"ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေကို နှစ်နိုင်ငံ သဘောတူချက်များနဲ့ အညီ ကျွန်တော်တို့ရပ်တည်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်"လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ပြည်တွင်း နေရပ်စွန့်ခွာသူတွေနဲ့ IDP camp တွေမှာ ရှိနေသူတွေ နေရပ် ပြန်လာရေးကိုလည်း ဆွေးနွေး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းလွဲမှားမှုတွေ အတွက် နိုင်ငံ‌ရေးပါတီတွေက တပ်မတော်ကို အကူညီတောင်းခဲ့ကြောင်း၊ မဲစာရင်းတွေ ပြန်စစ်ဆေးဖို့ UEC ရွေးကောက်ပွဲ ကော်မရှင်ကို တပ်မတော်က တင်ပြခဲ့ပေမဲ့ မဲမသမာမှုတွေကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဏာသိမ်းခဲ့ရတဲ့ အကြောင်း ပြောသွားခဲ့ပါတယ်။

အခုအခါ မဲစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်သစ်က စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

အရေးပေါ်ကာလ ပြီးဆုံးတာနဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

နိုင်ငံ‌ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးမှုဝါဒ အပြောင်းအလဲ မရှိကြောင်းနဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

ကိုဗစ် ကာကွယ်ဆေးထိုးရေးလုပ်ငန်းကို ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး အလှူငွေတွေ ဆက်လှူဒါန်းကြဖို့ကိုလည်း ပန်ကြားသွားခဲ့ပါတယ်။

တခါ နိုင်ငံတစ်ဝန်းက စေတီပုထိုးတွေ အားလုံးကို ဒီကနေ့ ပြန်ဖွင့်လိုက်ပြီ ဖြစ်ပြီး မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်တော့မှာမို့ ပြင်ဆင်ထားကြဖို့ ပြောသွားပါတယ်။

တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး စိတ်ခံစားမှုထက် ပကတိအချက်အလက်များ၊ အမှန်တရားများကို ရှေ့ရှုပြီး လက်တွဲညီ ဆောင်ရွက်သွားကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ မိန့်ခွန်း နိဂုံးချုပ်မှာ ပြောသွားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်ဖို့ ဆက်ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွား  ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်ဖို့ ဆက်ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွား Reviewed by THITHTOOLWIN on 22:26 Rating: 5

No comments:

Powered by Blogger.