သြစတြေးလျနဲ့ ဂျပန်ရောက် မြန်မာများ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြ

ဂျပန်ရောက် မြန်မာများရဲ့ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၃၊ ၂၀၂၁)

မြန်မာစစ်တပ်က အာဏာသိမ်းတဲ့အပေါ် သြစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီမြို့နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွေမှာ မြန်မာနွယ်ဖွားတွေက ဒီကနေ့ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။

ဆစ်ဒ်နီမြို့ဆန္ဒပြပွဲမှာ လူ ရာနဲ့ချီပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေ၊ ကြွေးကျော်သံရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

"မြန်မာစစ်တပ်က အာဏာသိမ်းတာကို ကျနော်တို့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ရွေးကောက်ခံ NLD အစိုးရနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွေကို ကျနော်တို့လက်ခံပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ ထိန်းသိမ်းထားသူအားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။" လို့ ဆန္ဒပြပွဲကို စီစဉ်သူတဦးဖြစ်တဲ့ ဒေါက်တာသိန်းမိုးဝင်းကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေဟာ စိုးရိမ်ဖွယ်ရာအခြေအနေတွေပဲလို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်က ဂျပန်နိုင်ငံခြားရေးဌာနရုံး အပြင်ဘက်မှာလည်း ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဒီကနေ့စုဝေးပြီး မြန်မာ စစ်အာဏာသိမ်းမှုကို ဂျပန်နိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ တောင်းဆိုကြပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံရေး၊ သံတမန်ရေးနဲ စီးပွားရေး သြဇာအာဏာ အားလုံးကိုအသုံးပြုပြီး မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြန်ပြီး ထူထောင်နိုင်အောင် လုပ်ဆောင်ဖို့ တောင်းဆိုထားတဲ့ ထုတ်ပြန်ချက်တစောင်ကို ဆန္ဒပြသူတွေ ဂျပန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေလက်ထဲ ပေးခဲ့ပါတယ်။

ဆန္ဒပြပွဲကိုစီစဉ်တဲ့ မြန်မာနိုင်ငံသားများအသင်းက ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရကို အသိအမှတ်မပြုသင့်ဘူးလို့ ပြောပါတယ်။ ဆန္ဒပြပွဲမှာ လူ ၃,၀၀၀ နီးပါး ပါဝင်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဂျပန်အစိုးရရဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ ဂျပန်နိုင်ငံအနေနဲ့ ဒဏ်ခတ်အရေးယူမှု ချမှတ်နိုင်ခြေအပါအဝင် အမေရိကန်ပြည်ထောင်စုက ပြောဆိုထားတဲ့ ရပ်တည်ချက်မျိုးကို ထောက်ခံဖို့ ဒါမှမဟုတ် အဲဒီလိုလုပ်ဆောင်ရေး အလေးပေးသွားဖို့ရှိတယ်လို့ပဲ အစိုးရပြောခွင့်ရကပြောသွားပြီး တိုက်ရိုက် မဖြေခဲ့ပါဘူး။ ဂျပန်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေနဲ့ မပြတ်ထိစပ်နေသလို မြန်မာနိုင်ငံက အခြေအနေကိုလည်း အနီးကပ်စောင့်ကြည့်နေပါတယ်လို့ပဲ ထပ်ပြောသွားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/ausi-japan-myanmar-protest/5763385.html

သြစတြေးလျနဲ့ ဂျပန်ရောက် မြန်မာများ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြ သြစတြေးလျနဲ့ ဂျပန်ရောက် မြန်မာများ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြ Reviewed by THITHTOOLWIN on 22:41 Rating: 5

No comments:

Powered by Blogger.