အကြမ်းဖက်နှိမ်နင်းမှု ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ



ဆန္ဒပြသူတွေကို သေစေတဲ့အထိ ပစ်ခတ်နှိမ်နင်းတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြစ်တင်ရှုတ်ချလိုက်ပြီး သေဆုံးရသူတွေထဲ ၁၈ နှစ် အောက်ယောကျာ်းလေး ပါဝင်တဲ့အတွက် ဆန္ဒပြတဲ့ထဲ ပါဝင်လာတဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ လုံခြုံရေးတပ်ဖွဲ့ကို Save The Children အဖွဲ့က တိုက်တွန်းပါတယ်။ စစ်အာဏာသိမ်းအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြည်ပနိုင်ငံတွေက မြန်မာပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသေစေအောင်အကြမ်းဖက်တာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မနေ့မနက်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မန္တလေးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့လူတွေကို ကျည်အစစ်သုံး၊ မျက်ရည်ယိုဗုံးသုံးတဲ့အပြင် ရာဘာကျည်နဲ့ ဒီလ ၂၀ ရက်နေ့က ပစ်ခတ်တာကို သူ့ Twitter ကနေ ရှုတ်ချ လိုက်တာပါ။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့လူတွေကို သေစေလောက်အောင် အင်အားသုံး၊ ခြိမ်းခြောက်ပြီး ထိပါးနှောင့်ယှက်တာကို လက်မခံနိုင်ဘူးလို့လည်း ပြောပါတယ်။ လူတိုင်းငြိမ်းချမ်းစွာ စုဝေးခွင့်ရှိတယ်၊ ရွေးကောက်ပွဲရလဒ်ကို လေးစားပြီး အရပ်သား အုပ်ချုပ်ရေးဘက်ပြန်သွားပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။

မန္တလေးမှာ လူသေတဲ့ထိ အင်အားသုံးပြီး ဆန္ဒပြသူတွေကို နှိမ်နင်းတာဟာ ရက်စက်ကြမ်းကြုတ်တာဖြစ်ပြီး လက်မခံနိုင်ဘူးလို့လည်း HRW- လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson ကပြောကြားလိုက်ပါတယ်။ ဒါကို အရေးတကြီးစုံစမ်းစစ်ဆေးရမယ်လို့ ကြေညာချက်မှာ တဆက်တည်းပြောပါတယ်။ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် တာဝန်ခံရမှာဖြစ်ပြီး ဥပဒေအရ အပြည့်အဝအရေးယူဆောင်ရွက်ရမယ်လို့ပြောပါတယ်။

မန္တလေးက လုပ်ရပ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်တာထင်ရှားပြီး ကုလသမဂ္ဂနဲ့ ကမ္ဘာတဝန်းက အစိုးရတွေက အင်ပြည့်အားပြည့် ပြစ်တင်ရှုတ်ချသင့်တယ်လို့လည်း ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အင်အားနဲ့ လက်နက်သုံးခြင်းဆိုင်ရာ ကုလသမဂ္ဂ အခြေခံမူတွေအတိုင်း လိုက်နာရမယ်ဆိုတာ အတော့်ကို ရှင်းပါတယ်လို့ ပြောပါတယ်။ အခြေခံမူမှာ လုံခြံရေး တပ်ဖွဲ့ဝင်တွေဟာ ဘယ်အချိန်ဘယ်ကာလမဆို အင်အားအနည်းဆုံးသုံး ဖို့လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှု စွက်ဖက်တဲ့ လူစုလူဝေးတွေကို လူစုခွဲတဲ့အခါ တဘက်က ဆောင်ရွက်ချက်ဟာ အန္တရာယ်နည်းမှာ မဟုတ်တဲ့အခါမှ သေနတ်သုံးကောင်းသုံးရမယ် ဆိုတာတောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အင်အားအနည်းဆုံးသုံးဖို့ လိုအပ်မြဲ လိုအပ်တယ်လို့ အင်အားနဲ့ လက်နက်သုံးခြင်းဆိုင်ရာ ကုလသမဂ္ဂ အခြေခံမူမှာ ပါရှိတယ်လို့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဥပဒေတင်းကျပ်ရေး အရာရှိတွေဟာ မိမိအသက်အန္တရာယ်ကို ကာကွယ်ဖို့ လက်နက်ကို မလွှဲမရှောင်သာ သုံးကောင်းသုံးနိုင်တဲ့အကြောင်း၊ မန္တလေးမှာ ဖြစ်ပျက်သွားတဲ့ ဗွီဒီယိုမှတ်တမ်းအရ လက်နက်ကို မလွှဲမရှောင်သာ သုံးဖို့ အကျုံးမဝင်တဲ့အကြောင်း HRW ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

ဒီလ ၂၀ ရက်နေ့တုန်းက မန္တလေးမှာ အသက် ၁၈ နှစ်အောက်ယောကျာ်းလေးတယောက် ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့အတွက် ဆန္ဒပြသူတွေထဲမှာ ပါဝင်တဲ့ ကလေးတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရတယ်လို့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ Save The Children ကမနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

သက်ဆိုင်သူတိုင်း၊ အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေသူတွေကို လေးစားဖို့နဲ့ ဆန္ဒပြတဲ့ထဲ ပါလာတဲ့ ကလေးတွေ လုံခြုံရေးကို စောင့်ရှောက်ကာကွယ်ဖို့ Save The Children အရေးတကြီးတိုက်တွန်းပါတယ်။

ကလေးတွေကို လူကြီးတွေလိုပဲလို့ သဘောထားလို့မရတဲ့ အကြောင်း၊ မြန်မာနိုင်ငံပါဝင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်မှာပါတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပဋ္ဋိညာဉ်စာချုပ်မှာ ကလေးတွေဟာ အထူးကာကွယ် စောင့်ရှောက်ခံရမယ့်အခွင့်အရေး ရှိတဲ့အကြောင်းလည်း ဖော်ပြပါတယ်။

လက်နက်မဲ့ သူတွေကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းလို့ လူသေရတဲ့အထိ အခြေအနေ အလွန်အမင်း ဆိုးဝါးလာမှာကို နိုင်ငံတကာက စိုးရိမ်နေချိန်မှာ စစ်အာဏာသိမ်းအဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံတကာကို တုံ့ပြန်တဲ့ ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးတချို့နဲ့ ပြည်ပနိုင်ငံတွေက ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ဖော်ပြချက် တချို့ဟာ မြန်မာပြည်တွင်းရေး ပြောင်ပြောင်တင်းတင်း စွက်ဖက်နေတယ်လို့ ဖော်ပြပါတယ်။ ၁၉၆၂ တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းချိန်က လက်သုံးစကားဖြစ်တဲ့ မလွှဲမရှောင်သာ အခြေအနေတွေကြောင့်ဆိုတဲ့ ဝေါဟာရအတိုင်း မလွှဲမရှောင်သာလို့ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရကြောင်းကို ရှင်းလင်းစွာ နားလည်ကြရန် လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

RFA Burmese



အကြမ်းဖက်နှိမ်နင်းမှု ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ အကြမ်းဖက်နှိမ်နင်းမှု ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ Reviewed by THITHTOOLWIN on 08:17 Rating: 5

No comments:

Powered by Blogger.