နေပြည်တော်ဆန္ဒပြမှု လူ ၁၅၀ ထက်မနည်း ဖမ်းဆီးခံရ

 

နေပြည်တော်ရှိ နှင်းဆီအဝိုင်းအနီး စစ်အာဏာဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)

စစ်အာဏာသိမ်း ၂၂ ရက်မြောက် နေ့ဖြစ်တဲ့ ၂၂၊ ၂၊ ၂၀၂၁ ခုနှစ်၊ နှစ် ငါးလုံးစုံတဲ့ ဒီနေ့မှာ နိုင်ငံတဝန်းအထွေထွေ သပိတ်ဆင်နွှဲခဲ့တာမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်နဲ့ ပျဉ်းမနားဘက်မှာတော့ ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ၊ သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးဖို့ လုပ်ဆောင်တာတွေရှိခဲ့ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

နှစ်ငါးလုံး အထွေထွေသပိတ်ဆင်နွှဲဖို့ တတ်ကြွသူတွေ နှိုးဆော်ခဲ့တဲ့နောက် ဒီကနေ့မှာ မြန်မာနိုင်ငံမြို့တဝန်းမှာ စစ်အာဏာသိမ်းဆန္ဒပြမှုတွေ အရှိန်မြင့်လာပါတယ်။ နေပြည်တော်မှာတော့ ဒီကနေ့ညနေပိုင်း အဖမ်းအဆီးတွေ ရှိခဲ့ပါတယ်။

နေပြည်တော်မှာ ကိုယ်တိုင်သတင်းသွားယူနေစဉ်မှာ သတင်းထောက်တွေကို ဖမ်းဆီးပြီး ကင်မရာတွေသိမ်းဖို့ လုပ်ဆောင်လာတာတွေကြောင့် ပြေးခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ သတင်းထောက် တဦးက ဗွီအိုအေကို ပြောပါတယ်။

"ပတ်နေတာ နှင်းဆီအဝိုင်းမှာပေါ့... အေးအေးချမ်းချမ်းပဲ ဘာမှမလုပ်ဘူး။ အကြမ်းဖက်တာလည်း မလုပ်ဘဲ... ပတ်ပြီး ၁၁ လောက်မှာ နှင်းဆီးအဝိုင်းကို ပတ်ပြီး ပြန်တာပေါ့နော်။ လူလည်း ကုန်ပြီပေါ့နော်... နောက်ဆုံးလူတွေအထွက်ပေါ့။ ပြန်ထွက်ခါနီးမှာ စစ်ကားတွေ၊ ရဲကားတွေက မီးတွေ အတင်းထိုးပြီးတော့ ရှေ့ကိုအတင်းတိုး မောင်းလာပြီးတော့ ဖမ်းဖို့လုပ်တာပေါ့နော်... အကုန်လုံး ရုတ်ရုတ်သဲသဲ ထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့အချိန်မှာ သတင်းထောက်တချို့က ဘေးကနေ မှတ်တမ်းယူနေတဲ့အချိန်မှာ ရဲတယောက်ကတော့ အန္တရာယ်ဖြစ်တာမျိုးရှောင်လိုက်ပါလို့ ပြောတဲ့အချိန်မှာ နောက်ကစစ်တပ်အရာရှိတယောက်က ရောက်လာပြီးတော့ သူတို့ကိုလည်းဖမ်း၊ ကင်မရာတွေ သိမ်းဆိုပြီးလုပ်တော့ အဲဒီမှာ သတင်းထောက်တွေ ထွက်ပြေးရတာပေါ့နော်။"

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတချို့အပြင် ဆန္ဒပြသူတွေကို အစားအသောက် ကူညီပေးနေသူတွေကိုပါ အတင်းဖမ်းဆီး ခေါ်ဆောင်တာတွေ ရှိခဲ့ပြီး ပျဉ်းမနားနာရီစင် အနီးမှာလည်း ဆန္ဒပြသပိတ်စစ်ကြောင်းမှ ပါဝင်သူတချို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ခဲ့တယ်လို့ ပျဉ်းမနားဒေသခံ ဦးဝင်းက ဗွီအိုအေကို ပြောပါတယ်။

"ပျဉ်းမနားစစ်ကြောင်း ၁၀၀,၀၀၀ လောက်ပါတဲ့ စစ်ကြောင်းကို အဝိုင်းကနေ ပျဉ်းမနားမြို့ထဲကို အဝိုင်းပတ်ပြီး ပြန်တာပေါ့နော်။ အဲဒီလူတန်းလည်း ကုန်သွားရော သူတို့က နှင်းဆီအဝိုင်းကို အပြေးအလွှားတက်ပြီး နေရာယူကြတယ်။ ယူတဲ့အချိန်မှာ ကျန်တဲ့လူတွေက ပြေးကြတာပေါ့။ မပြေးတဲ့လူတွေလည်း ရှိတယ်။ အအေးဝေနေတဲ့လူတွေလည်း ရှိတယ်။ နောက် ထမင်းထုတ်ဝေနေတဲ့သူတွေ ရှိတယ်။ ကျနော့်အသိတွေပဲ တော်တော်များများ။ မိသားစုလိုက် ကားပေါ်ကောက်တင်သွားတယ်။ ဖမ်းသွားတာပေါ့နော်။ အဲဒီမှာလည်း တော်တော်များတယ်။ နောက်ပြီးတော့ သူတို့က သပိတ်စစ်ကြောင်းနောက်ကနေ လိုက်ပြီးတော့ သင်းကွဲပြီး ကျန်နေခဲ့တဲ့ ဆိုင်ကယ်နဲ့လူဆိုလည်း ဆိုင်ကယ်ပါတခါထဲ သူတို့က ကောက်တင်တာ ... အဲဒီလိုမျိုး။ နောက်တခုက တနေရာက ပျဉ်းမနား ဗိုလ်ချုပ်ကြေးရုပ် အဲဒီရှေ့မှာလည်း ဖမ်းသွားတယ်။ ပြောရမယ်ဆိုရင် ဥပဒေနဲ့ မညီဘဲ ဖမ်းတာပေါ့ဗျာ။ ပြနေတဲ့ အချိန်မဟုတ်ဘူး... အဲဒီလူတွေက။ ဆန္ဒပြနေတဲ့နေရာမဟုတ်ဘူး။ အဲဒီတော့ ခန့်မှန်းခြေ ၁၅၀ ထက် မနည်းဘူး... ခေါ်သွားတာတော့။"

နေပြည်တော်မှာ ဒီကနေ့ ဖမ်းဆီးခံရသူ ၁၅၀ ထက်မနည်းရှိတယ်လို့ တတ်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဖမ်းဆီးခံစာရင်းကို ပြုစုနေဆဲ ဖြစ်ပြီး ဒီထက်ပိုနိုင်ဖွယ်လည်း ရှိတယ်လို့ ပြောပါတယ်။ ဒီလူတွေကို ဧက ၃,၀၀၀ မှာ ရှိတဲ့ နေပြည်တော်အကျဉ်းထောင်နဲ့ တောင်ညိုဘက်မှာရှိတဲ့ နေပြည်တော် အားကစား ကျေးရွာဘက်ကို ခေါ်သွားတယ်လို့ သူကပြောပေမဲ့ ဒါကို ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်အာဏာသိမ်း ၂၂ ရက်မြောက်နေ့ဖြစ်တဲ့ ၂၂၊ ၂၊ ၂၀၂၁ ခုနှစ်၊ နှစ် ငါးလုံးစုံတဲ့ ဒီနေ့မှာ နိုင်ငံတဝန်းအထွေထွေ သပိတ်ဆင်နွှဲဖို့ ပြည်သူတွေက ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် မြို့အတော်များများမှာ လုံခြုံရေးအင်အား အရင်နေ့တွေထက် ပိုချထားတာတွေ့ရပါတယ်။ ဒါပေမဲ့ CDM အပါအဝင် ကျန်းမာရေး၊ ပညာရေး စတဲ့ဌာနပေါင်းစုံနဲ့ လူထုတွေရဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ် စစ်ကြောင်းတွေဟာ အားကောင်းစွာနဲ့ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကာ အရင်နေ့တွေကထက်ပိုများလာတယ်လို့ ဦးဝင်းကပြောပါတယ်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့ဆန္ဒပြဖို့ကြိုးစားတဲ့လူစုကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည့် မြင်ကွင်းများ။

"မှတ်တမ်းအရဆိုလို့ရှိရင် ၂၅၀,၀၀၀ ဝန်းကျင်လောက် ကျနော်တို့ စုမိတယ်။ စျေးဆိုင်တွေ၊ စျေးတွေ ကျနော်တို့ သိရသလောက်ဆိုလို့ရှိရင် အကုန်လုံးပိတ်တယ် ဒီနေ့။ ပျဉ်းမနား ဗိုလ်ချုပ်လမ်းဆိုရင် အကုန်တံခါးပိတ်ထားတယ်။ အကုန်လိုက်တာ။ ဌာနဆိုင်ရာတော်တော်များပါတယ် ဒီနေ့ထွက်တာ။ ပြောရမယ်ဆိုရင် အရင်ထက် သုံးဆလောက်ပိုတယ်။"

နှစ် ငါးလုံးအထွေထွေသပိတ် ဆင်နွှဲနေတဲ့ဒီနေ့မှာ ရန်ကုန်မြို့အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက သပိတ်ကို ပါဝင်ဆင်နွွှခဲ့တာမှာ အထွေထွေသပိတ်စုရုံးမှာမို့ နိုင်ငံတဝန်း ဈေးတွေ၊ ဆိုင်တွေ ပိတ်ထားကြပါတယ်။ ဒီလို ပိတ်ပြီး သပိတ်ကြောင်းတွေမှာ ပါဝင်အားဖြည့်လာတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက လူထုလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခံခဲ့ရတဲ့ နေရာတခုဖြစ်တဲ့ မြစ်ကြီးနားမြို့ပေါ်မှာတော့ နေရာတော်တော်များများ သပိတ်စစ်ကြောင်းတွေထွက်ရှိခဲ့ပြီး ဒီကနေ့ဟာ လူထုပါဝင်မှု အများဆုံးပဲလို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူ တဦးကဗွီအိုအေကိုပြောပါတယ်။

"ဒီနေ့ထူးခြားတာကတော့ မြစ်ကြီးနားမှာ... စျေးဆိုင်တွေ၊ မြစ်ကြီးနား စျေး ၁၊ စျေး ၂ ပေါ့နော်... လုံးဝပိတ်ပြီးတော့ စျေးသူ၊ စျေးသားတွေဆိုပြီးတော့ ပါဝင်တယ်။ ဒီနေ့စည်းစည်းလုံးလုံးနဲ့ ပြနိုင်ခဲ့တယ်ပေါ့နော်။ ဒီနေ့ မြစ်ကြီးနားမှာ လူအများဆုံး... အဲဒီလို ပြောလို့ရတယ်ရှင့်။"

စစ်တပ်က မကြာခင်ရက်တွေအတွင်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူအုပ်ကို သေစေတဲ့အထိ အင်အားသုံး နှိမ်နင်းတာအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် ကုလသမဂ္ဂကပါပြစ်တင်ရှုတ်ချတာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကတော့ မကြာသေးခင်ရက်ပိုင်းက ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းခံရပြီး သေဆုံးမှုအတွက် ရဲတပ်ဖွဲ့မှာ တာဝန်ရှိကြောင်း ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ စုံစမ်းစစ်ဆေးဖို့လည်း တောင်းဆိုထားပါတယ်။


 ေမခ/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protesters-are-arrested-/5787743.html

နေပြည်တော်ဆန္ဒပြမှု လူ ၁၅၀ ထက်မနည်း ဖမ်းဆီးခံရ နေပြည်တော်ဆန္ဒပြမှု လူ ၁၅၀ ထက်မနည်း ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 00:15 Rating: 5

No comments:

Powered by Blogger.