မြန်မာစစ်ဘက်နဲ့ စီးပွားရေးမဆက်ဆံဖို့ အာရှစီးပွားရေးလုပ်ငန်းတွေ ဖိအားပေးခံနေရ

 

ရန်ကုန်မြို့ရှိ လမ်းတခုတွင် လုံခြုံရေးယူနေတဲ့ စစ်သားများ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် အာရှဒေသက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာစစ်ဘက်နဲ့ စီးပွားရေးဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အပြင်းအထန် ဖိအားပေးတာနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့နဲ့ စီးပွားရေး တွဲလုပ်နေတဲ့ထဲမှာ အာရှဒေသက စီးပွားရေးလုပ်ငန်းအများအပြား ပါနေတယ်လို့ Justice for Myanmar တက်ကြွလှုပ်ရှားသူအဖွဲ့က ထုတ်ပြန်ထားပါတယ်။

"နိုင်ငံတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်ဘက်အတွက် အကျိုးမဖြစ်စေဘဲ လူထုအတွက်သာ အကျိုးရှိအောင်လုပ်ဖို့ တာဝန်ရှိပါတယ်။" လို့ Justice for Myanmar အဖွဲ့ရဲ့ပြောခွင့်ရ မရတနာမောင်က Thomson Reuters ဖောင်ဒေးရှင်းကိုပြောပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်တပ်ပိုင်နဲ့ စစ်တပ်ထိန်းချုပ်မှုအောက်က ကုမ္ပဏီတွေ၊ သူတို့နဲ့ စီးပွားရေး လက်တွဲလုပ်နေသူတွေအပေါ် "အတိအကျဦးတည်တဲ့ ဒဏ်ခတ်အရေးယူမှု" တွေချမှတ်ဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ကလည်း တောင်းဆိုထားပါတယ်။ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်း ၁၀၀ ကျော်စာရင်းကို ဒီအဖွဲ့က ထုတ်ပြန်ထားတာပါ။

"စစ်တပ်ဟာ ပြည်တွင်းပြည်ပက စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးတွဲလုပ်ဆောင်တာကနေ ကြီးမားတဲ့ ဓနအင်အား တည်ဆောက်ထားပါတယ်။ အဓိပ္ပါယ်ကတော့ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူမှုဖူလုံရေးအတွက် အသုံးပြုသင့်တဲ့ အများပိုင်ငွေ အမြောက်အများ ဆုံးရှုံးနေတယ်ဆိုတာပါပဲ။" လို့ မရတနာမောင်ကပြောပါတယ်။

ပြည်တွင်းလူထုကလည်း စစ်တပ်နဲ့ဆက်စပ်နေတဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ နှိုးဆော်တာတွေရှိလာပြီး #NoBusinesswithGenocide ဆိုတာကို ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဂျပန် အဖျော်ယမကာထုတ် ကုမ္ပဏီကြီးဖြစ်တဲ့ Kirin က MEHL နဲ့ စီးပွားရေးလုပ်နေတာကို ရပ်လိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ မပတ်သက်ဘဲ ဖြတ်တောက်ဖို့ အွန်လိုင်းကနေ ပန်ကြားခဲ့ပြီးတဲ့နောက် ထင်ရှားတဲ့ စင်္ကာပူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း MEHL ပိုင် စီးကရက်ထုတ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတာကို ပြန်ရုပ်တော့မယ်လို့ ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-asia-business/5780366.html


မြန်မာစစ်ဘက်နဲ့ စီးပွားရေးမဆက်ဆံဖို့ အာရှစီးပွားရေးလုပ်ငန်းတွေ ဖိအားပေးခံနေရ မြန်မာစစ်ဘက်နဲ့ စီးပွားရေးမဆက်ဆံဖို့ အာရှစီးပွားရေးလုပ်ငန်းတွေ ဖိအားပေးခံနေရ Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.