![]() |
မုံရွာဆန္ဒပြသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းလာတဲ့မြန်မာတပ်မတော်က တပ်ကြပ်တဦး။ (ဓာတ်ပုံ - Win Zaw Khing - ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁) |
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်နေရာမှာ ဒီကနေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာတော့ တပ်မတော်သားတဦးလည်း ဆန္ဒပြပွဲမှာ ပါဝင်လာပါတယ်။ တပ်ကြပ်တဦး ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်လာပြီးနောက် လုံခြုံရေး အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေကြား တင်းမာမှုတွေလည်း ပေါ်ပေါက်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။
အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့က လှုပ်ရှားမှုမှာ တပ်ကြပ်အဆင့်ရှိတဲ့ တပ်မတော်သားတဦး ပူးပေါင်းပါဝင်လာခဲ့တာပါ။ လူထုအပေါ် အင်အားသုံး နှိမ်နင်းတာမျိုးကိုလည်း လက်မခံနိုင်ကြောင်း ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်လာတဲ့ တပ်မတော်သားက ပြောဆိုသွားပါတယ်။
“ကျနော်က ပြောချင်တာ ပြည်သူကို သွေးထွက်သံယို ဖြစ်တာကို ကျနော်လည်း မကြိုက်ဘူး။”
ဆန္ဒပြသူတွေနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်မတော်သားကို ပြန်လွှဲပြောင်းပေးဖို့လည်း နောက်ပိုင်းမှာ ဒေသခံအာဏာပိုင်တွေက တောင်းဆိုခဲ့ကြောင်းလည်း မုံရွာမြို့နယ် အရပ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဦးနေဦးကပြောပါတယ်။
“လက်နက်တော့မပါလာဘူး။ စစ်ဝတ်စစ်စားနဲ့ ထွက်လာခဲ့ပါတယ်။ ကျနော်တို့ သပိတ်စစ်ကြောင်းမှာလည်း ခရိုင်ညှိနှိုင်းရေးကောင်စီက သူကိုထုတ်ပေးဖို့ လာပြီးညှိနှိုင်းပါတယ်။ ကျနော်တို့ကပြောပြတယ်။ ဟောပြောပြီး ပြန်သွားပြီ။ သူလုံခြုံတဲ့နေရာကို သွားပါပြီပြောလိုက်တယ်။ ဝင်ရှာချင်ပါတယ်... သူတို့ပြောလာတယ်။ အစပ်လောက်ပဲ ရှာလို့ရမယ်။ လူအုပ်ကြားထဲထိဆို ခင်ဗျားတို့ရဲ့ လုံခြံုရေးကို တာဝန်မယူနိုင်ဘူး။ ခင်ဗျားတို့ဆီက လွှတ်ထားတဲ့ အကြမ်းဖက်သမားတွေက ဝိုင်းဒိုင်းလုပ်ရင်ကျနော်တို့ သပိတ်စစ်ကြောင်းကပဲ အကြမ်းဖက်တယ် ဖြစ်ဦးမယ်။ အနားက ရပ်ကြည့်ပါ... တကယ်မရှိတော့ပါဘူးလို့ ပြောရတယ်။”
ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်သူ တပ်မတော်သားကို အရပ်ဝတ်နဲ့ ဗိုလ်မှူးအဆင့်ရှိသူက လူအုပ်ထဲမှာ ဝင်ရောက် ရှာဖွေခဲ့တယ်လို့လည်း ဦးနေဦးက ပြောပါတယ်။ နောက်ပိုင်းမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား တင်းမာမှုတွေလည်း ကြံုခဲ့ရတယ်လို့ ပြောပါတယ်။
“သူရဲ့ဆရာဖြစ်တဲ့ ဗိုလ်မှူး အောင်သူဟိန်းနဲ့ တပည့်တယောက်က လူအုပ်ကြားထဲမှာအရပ်ဝတ်နဲ့ လာပြီး လက်သီးလက်မောင်းတန်းတယ်။ ကြွေးကြော်တယ်။ လက်ခုတ်တီးတယ်။ ဝင်ပြီး အခြေအနေစုံစမ်းနေတယ်။ ကျနော်တို့ ပြည်သူဘက်ကလည်း သတင်းရတယ်။ ဓါတ်ပုံတွေ ပိုလိုက်တော့ ကျနော်တို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ လုံခြုံရေးက လိုက်ရှာတယ်။ အဲဒီမှာတွေ့တယ်။ သူတို့ကို ကျနော်ကိုယ်တိုင် လက်ကုတ်ပြီး ခေါ်လိုက်တယ်။ အပြင်မှာဆွေးနွေးပါတယ်။ သူတို့က လာရှာတာပါတဲ့ ပြန်သွားပြီ။ လာမရှာနဲ့ ကျနော်တို့လည်း မသိဘူးလို့ ပြောလိုက်တယ်။ သူတို့ ပြန်သွားပြီးတာနဲ့ စစ်အင်အား ရဲအင်အားနဲ့ ရှေ့တိုးတက်လာပြီး ဒီလူကိုထုတ်ပေးဖို့ အတင်းအဓမ္မ တောင်းဆိုတယ်။ ကျနော်တို့ ပြည်သူတွေက မရှိတော့တဲ့အကြောင်း အတန်တန်ငြင်းဆိုတယ်။ ပြောဆိုတယ်။ အဲဒါ ရေကားတွေ၊ စစ်ကားတွေ တက်လာတယ်။ ကျနော်တို့ကလည်း မိုးကာတွေနဲ့ ကာပြီးစောင့်နေတယ်။ အပြန်အလှန်ပြောကြဆိုကြတယ်။ သူတို့လည်းနောက်ဆုတ်သွားသလို ကျနော်တို့ သပိတ်စစ်ကြောင်းလည်းပြန်လှည့်လာခဲ့တယ်။"
ဒီလဆန်းမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အနုနည်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ၊ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ လုပ်ကြဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်ခဲ့ရာက နိုင်ငံအနှံ့မှာ ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်နေတာပါ။ မုံရွာမြို့က လှုပ်ရှားမှုတွေမှာလည်း တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေ၊ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ ပူးပေါင်းပြီး သိန်းဂဏန်းနဲ့ချီ နေ့စဉ်လိုလို လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
မအေးအေးမာ/ VOA Burmese
https://burmese.voanews.com/a/moneywa-military-coup-protest/5783118.html

No comments:
Post a Comment