မြန်မာဆန္ဒပြသူတွေနဲ့အတူ ရပ်တည်ကြောင်း ထိုင်ဝမ်မှာဆန္ဒပြ

မြန်မာစစ်အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်တဲ့ တိုင်ဝမ်MilkTea Alliance ဆန္ဒပြမြင်ကွင်း။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေနဲ့ အတူရပ်တည်တယ်ဆိုတာ ပြသတဲ့အနေနဲ့ ထိုင်ဝမ်မှာလည်း ဒီနေ့ဆန္ဒပြကြပါတယ်။

မြန်မာ၊ ထိုင်း၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့က ဒီမိုကရေစီရေးတက်ကြွတဲ့လူငယ်တွေ အွန်လိုင်းပေါ်မှာ ဖွဲ့ထားတဲ့ Milk Tea Alliance မဟာမိတ်အဖွဲ့က ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကို မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် ဆန္ဒပြကြဖို့ ဆော်သြထားတာဖြစ်ပါတယ်။ ထိုင်ဝမ်ရောက် မြန်မာတွေ၊ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေစုစုပေါင်း ရာဂဏန်းလောက်ရှိတဲ့ ဆန္ဒပြသူတွေဟာ ထိုင်ပေမြို့မှာချီတက်ဆန္ဒပြကြပါတယ်။

ဆန္ဒပြကြသူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓါတ်ပုံတွေ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ ပိုစတာတွေ၊ မြန်မာနိုင်ငံက CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကိုထောက်ခံတဲ့ စာတန်း ရုပ်ပုံတွေကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။ မြန်မာပြည်သူတွေ ခံစားနေရတာကို မကြည့်ရက်လို့ ဆန္ဒလာပြတာဖြစ်တယ်လို့ မြန်မာနွယ်ဖွားတယောက်က မက်ဒရိန်းဘာသာနဲ့အခုလို ပြောပါတယ်။

မြန်မာနိုင်ငံမှာ သွေးထွက်သံယို အကြမ်းဖက်နှိမ်နှင်းနေတာတွေ မြင်တွေ့နေရတာ အင်မတန်စိတ်မကောင်းဖြစ်ရတယ်လို့ ပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရားမျှတမှုရှိပြီး အေးအေးချမ်းချမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက် အာဏာပြန်ရောက်တာမြင်ချင်တယ်လို့ ဒီနေ့ ထိုင်ဝမ်က ဆန္ဒပြသူတွေက ပြောကြပါတယ်။ Milk Tea Alliance အဖွဲ့ရဲ့ မြန်မာနိုင်ငံအတွက် လဖက်ရည်သောက် သပိတ်မှောက်နေ့အဖြစ် သတ်မှတ်ထားတဲ့ ဒီနေ့မှာ ကမ္ဘာဝန်းမှာရှိနေကြတဲ့ မြန်မာတွေကလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို အွန်လိုင်းကနေ ပါဝင်နေကြပါတယ်ရှင်။


VOA Burmese

https://burmese.voanews.com/a/what-is-appening-in-myanmar-hongkong-/5796017.html

မြန်မာဆန္ဒပြသူတွေနဲ့အတူ ရပ်တည်ကြောင်း ထိုင်ဝမ်မှာဆန္ဒပြ မြန်မာဆန္ဒပြသူတွေနဲ့အတူ ရပ်တည်ကြောင်း ထိုင်ဝမ်မှာဆန္ဒပြ Reviewed by THITHTOOLWIN on 23:50 Rating: 5

No comments:

Powered by Blogger.