အမေရိကန်နိုင်ငံက ပါတီကြီး၂ ရပ်စလုံးရဲ့ ထိပ်တန်း အထက်လွှတ်တော် အမတ်အများအပြားက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု အဆုံးသတ်ဖို့ တောင်းဆို လိုက်ကြသလို မြန်မာနိုင်ငံရဲ့ အတိမ်းအစောင်းမခံတဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလ တည်ငြိမ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတွေ စလှမ်းဖို့ သမ္မတဂျိုးဘိုင်ဒန်အစိုးရအဖွဲ့ကို သောကြာနေ့မှာပဲ တိုက်တွန်းခဲ့ပါတယ်။
အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင်တွေ ဖြစ်တဲ့ Indiana ပြည်နယ် ရီပတ်ဘလစ်ကင်အထက်လွှတ်တော်အမတ် Todd Young နဲ့ မေရီလန်းပြည်နယ် ဒီမိုကရက်အမတ် Ben Cardin တို့က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ချက်ခြင်းရပ်ဆိုင်းဖို့ နဲ့ ပြည်သူရွေးကောက်ထားတဲ့ လွှတ်တော်အမတ်တွေ အနှောက်အယှက် တစုံတရာမရှိပဲ သူတို့ရဲ့ တာဝန်ဝတ္တရား တွေ ပြန်ထမ်းဆောင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက ဥက္ကဌ ဒီမိုကရက်တစ်ပါတီက Bob Menendez နဲ့ ထိပ်တန်းအဖွဲ့ဝင် Idaho ပြည်နယ်ရီပတ်ဘလစ်ကင်အမတ် Jim Risch ၊ အရှေ့အာရှ ဆပ်ကော်မတီက Edward J. Markey နဲ့ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကင်အမတ် Marco Rubio တို့ကလည်း အရပ်သားအစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်ပြီး အာဏာသိမ်းမှုဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ အတိမ်းအစောင်းမခံတဲ့ ဒီမိုကရေစီအကူးအပြောင်းကာလအတွက် အကူအညီပေးနိုင်မယ့် အရေးပါတဲ့ခြေလှမ်းတွေ စတင်ဖို့ သမ္မတဂျိုးဘိုင်ဒန် အစိုးရကို သောကြာနေ့မှာပဲ တိုက်တွန်းစာ တစောင် ပေးပို့ခဲ့ကြပါတယ်။
ဒီစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ ပါဝင်သလို ဘိုင်ဒန် အစိုးရ အဖွဲ့အနေနဲ့ အရေးပါတဲ့ ခြေလှမ်းရပ်တွေ လုပ်ဆောင်ရာမှာ မြန်မာ့တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်နေသူတွေကို ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဖို့ နဲ့ ဥရောပနဲ့ အင်ဒို - ပစိဖိတ်ဒေသတွင်း မဟာမိတ်တွေနဲ့အတူ မြန်မာနိုင်ငံအတွက် စီးပွါးရေးနဲ့ သံတမန်ရေး အရ ဖိအားတွေ ပေးဖို့ ပါ တောင်းဆိုထားပါတယ်။
ဒီစာကို ပါတီကြီး ၂ ရပ်စလုံးက ထိပ်တန်း အထက်လွှတ်တော်အမတ် အများအပြားက သောကြာနေ့မှာ လက်မှတ်ရေးထိုးပြီး သမ္မတဘိုင်ဒန်ဆီကို ပေးပို့ခဲ့ သလို မြန်မာနိုင်ငံ့အတွက် နိုင်ငံတကာဖိအားပေးဖို့ လိုအပ်နေတဲ့ အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဆီကိုပါ စာပေးပို့ ပြောကြားခဲ့ကြပါတယ်။
VOA (မြန်မာပိုင်း)
https://burmese.voanews.com/a/news-02-06-21-myanmar-military-coup-us-senators-/5768104.html
No comments:
Post a Comment