ပျဉ်းမနားဆန္ဒပြပွဲမှာ သတင်းသမားတွေကို အင်အားသုံးဖမ်းဆီးဖို့ ကြိုးစား



ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်၊ နေပြည်တော် ပျဥ်းမနားမြို့က လူထုဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ သတင်း ထောက်တွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးဖို့ ကြိုးစားတာကြောင့် သတင်းထောက်အတ်ောများများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ နေပြည်တော်အခြေစိုက် သတင်းထောက်တွေက ပြော ပါတယ်။

သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်းတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ သတင်းသမားတွေ အပေါ် ဖိအားပေးခြိမ်းခြောက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချလိုက်ပြီး၊ ဒီလုပ်ရပ်ကို ကုလ သမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်းက သိအောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ဒီမနက် ၉ နာရီလောက်က၊ ပျဥ်းမနားမြို့လယ် လူစည်ကားရာ အထက(၁)ကျောင်းရှေ့မှာ ကျောင်းသူ ကျောင်းသားတွေ၊ ဆရာဆရာမတွေနဲ့ ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း လူ ၂၀၀ ကျော်ခန့် စုဝေးပြီး အာဏာသိမ်းစစ်အစိုးရကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက မနက် ၁၀ နာရီလောက်မှာ အထက(၁)ကျောင်း‌ရှေ့ကနေ၊ နှစ်ငါးလုံးနေ့က လူတစ်သိန်း ကျော်စုဝေးခဲ့တဲ့ နှင်းဆီပန်းအဝိုင်းဆီ ချီတက်ဖို့ကြိုးစားရာမှာ၊ ရဲအင်အား အများအပြား ရောက်ရှိလာပြီး အထက(၁)ကျောင်း အနီးတဝိုက်က လမ်းဆုံလမ်းခွတိုင်းကို ၀န်းရံပိတ်ဆို့ လူစုခွဲခဲ့ပါတယ်။

အဲဒီလိုလူစုခွဲစဥ် အနီးကပ်သတင်းယူနေတဲ့ သတင်းထောက်တွေကိုပါ ဖမ်းဆီးပြီး ကင်မရာတွေကို သိမ်းယူဖို့ ခြိမ်းခြောက် အမိန့်ပေးတာကြောင့် RFA နဲ့ 7Day သတင်းထောက်တွေအပါအဝင် သတင်းထောက်အတော် များများ နီးစပ်ရာလမ်းတွေ၊ အိမ်တွေထဲကို ၀ရုန်းသုန်းကားနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကင်မရာတွေနဲ့တကွ နီးစပ်ရာခြံစည်းရိုးတွေကို‌ ကျော်ခွထွက်ပြေးရတာကြောင့် ခြံစည်းရိုးအုတ်တံတိုင်းနဲ့ ပွတ်တိုက်မိပြီး အ၀တ်အစားတွေ စုတ်ပြဲပျက်ဆီးခဲ့တယ်လို့ အမည်မဖေါ်လိုတဲ့ နေပြည်တော်အခြေစိုက် ရုပ်သံသတင်းထောက်တစ်ဦးက ပြောပါတယ်။

အလွတ်သတင်းထောက်တစ်ဦးကလည်း သေနတ်နဲ့အပစ်ခံရမှာ စိုးတာကြောင့် အခင်းဖြစ်ရာကနေ နီးစပ်ရာ အိမ်ထဲ ၀င်ပြေးခဲ့ရကြောင်း သူ့ကိုယ်တွေ့ကို RFA ကို ပြန်ပြောပြခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ နေပြည်တော်က ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအကြောင်း နေ့စဥ်သတင်းယူနေတဲ့ သတင်း‌ ထောက်တွေကို အင်အားသုံးဖမ်းဆီးဖို့ ကြိုးစားတာဟာ ဒါဒုတိယအကြိမ်ဖြစ်ပါတယ်။

၂ ရက် ၂ လ ၂၀၂၁ ခုနှစ် ၂၂၂၂၂ နေ့ကလည်း နေပြည်တော် ပျဥ်းမနားမြို့ နှင်းဆီးပန်းအဝိုင်းမှာ လူတစ်သိန်း ခန့် ကန့်ကွက်ဆန္ဒပြနေစဥ်၊ အနီးကပ် သတင်းဓါတ်ပုံရိုက်ကူးနေတဲ့ သတင်း‌ထောက်တွေကို စစ်ကားတစ်စီး ရောက်လာပြီး ဖမ်းဖို့အမိန့်ပေးတာကြောင့် သတင်းထောက်အားလုံး ဘေးလွတ်ရာကို ၀ရုန်းသုန်းကား ထွက် ပြေးခဲ့ရကြောင်း အမည်မဖေါ်လိုတဲ့ ဓါတ်ပုံသတင်းထောက်တစ်ဦးက ပြောပြပါတယ်။

သတင်းထောက်မှန်းသိအောင် မီဒီယာအမှတ်တံဆိပ်ပါတဲ့ ဦးထုတ်တွေ၊ ဂျက်ကက်တွေဝတ်ပြီး သတင်းယူ နေပေမယ့်လည်း သတင်းထောက်တွေရဲ့ ဘဝဟာ လုံခြုံမှုမရှိဘူးလို့ သူက ဆိုပါတယ်။

ရဲနဲ့စစ်သားတွေက ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွင်းတာတွေကို ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေက မသိ အောင် ဖုန်းကွယ်လိုတာကြောင့် သတင်းထောက်တွေကို အခုလို ရန်ငြိုးထားတိုက်ခိုက်တာ ဖြစ်နိုင်တယ် လို့လည်း အမည်မဖေါ်လိုတဲ့ အဲဒီဓါတ်ပုံသတင်းထောက်က ပြောပြသွားပါတယ်။

အလားတူ ဒီကနေ့ ရန်ကုန်မြို့ ဂျပန်သံရုံးရှေ့ ဆန္ဒပြပွဲမှာလည်း ရဲတပ်ဖွဲက ဆန္ဒပြသူတွေကို ရိုက်နှက် ဖြိုခွင်းရာမှာ သတင်းထောက်တွေကိုပါ ဖမ်းဆီးရိုက်နှက်ဖို့ ကြိုးစားတာကြောင့် သတင်းထောက် အားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ သတင်းထောက်တွေက RFA ကို ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က ပထမဆုံးလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းပွဲမှာ သတင်းထောက်တွေရဲ့ လုံခြုံရေးကို ဘယ်လောက်ထိ အာမခံနိုင်မလဲ၊ သတင်းထောက်တွေ ဘယ်လောက်ထိ လွတ်လပ်စွာ သတင်း ရယူ ရေးသားခွင့်ရှိမလဲလို့ RFA က မေးမြန်းရာမှာ ပြန်ကြားရေး၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က “သတင်းသမားတွေရဲ့ လုံခြုံရေးကို အာမခံမယ်၊ မခံဘူး အတိအကျ မပြောနိုင်ဘူး” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၂၃ ရက်၊ မနေ့ကလုပ်တဲ့ အာဏာသိမ်းစစ်ကောင်စီ အစည်းအဝေးမှာလည်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အာဏာသိမ်းစစ်ကောင်စီလို့ ရေးသားရင် သတင်းမီဒီယာတွေကို ထုတ်ဝေခွင့် ပိတ်သိမ်းတာမျိုးလုပ်မယ်၊ အရေးယူမယ်” လို့ အတိအလင်း ထည့်ပြောထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်မလုပ်ချင်တာကြောင့် မကြာသေးခင်ကမှ သတင်းမီဒီယာကောင်စီ ကနေ နုတ်ထွက်ထားတဲ့ တွဲဘက်အတွင်း‌ရေးမှူးဟောင်း ဦးမြင့်ကျော် ကတော့ “လက်နက်မပါဘဲ ငြိမ်းချမ်း စွာ ဆန္ဒပြနေတဲ့ ဆန္ဒပြပွဲတွေမှာ သတင်းယူနေတဲ့ သတင်းသမားတွေကို သေနတ်နဲ့ချိန်ပြီး လိုက်လံ ဖမ်းဆီးတာ၊ ဖိအားပေးခြိမ်းခြောက်တာတွေဟာ လွတ်လပ်စွာ သတင်းစီးဆင်းမှုကို နှောင့်ယှက်တာ ဖြစ်တဲ့အတွက် လုံးဝ လက်မခံနိုင်ဘဲ ကန့်ကွက်ရှုတ်ချတယ်” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာဥပဒေ အခန်း (၃) ပုဒ်မ ၇ (က) အရ၊ သတင်းသမားတစ်ဦးဟာ စစ်ဖြစ် ပွားရာ ဒေသပဲဖြစ်ဖြစ်၊ အဓိကရုဏ်းတွေ အရေးအခင်းတွေ ဆန္ဒပြပွဲတွေမှာပဲဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းနဲ့ အညီ သတင်းရယူခွင့်ရှိတယ်ဆိုတာကို အတိအကျဖေါ်ပြထားပါတယ်။ အဲဒီလို သတင်းရယူရာမှာလည်း လုံခြုံရေးအဖွဲ့အစည်းတွေက ဖမ်းဆီးထိန်းသိမ်းတာ၊ သတင်းမှတ်တမ်းဖျက်ဆီးတာ၊ သိမ်းယူတာတွေ မလုပ်ရဘူးလို့ အတိအကျ ဖေါ်ပြထားပါတယ်။

ဖေဖေါ်ဝါရီလ ၁၈ ရက် မန္တလေးမြို့ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းရာမှာ၊ သတင်းယူနေတဲ့ ဗီဒီယိုသတင်းထောက် ကိုကျော်ဇေဝင်း ကို သတင်းထောက်မှန်းသိရဲ့နဲ့ ရဲတပ်ဖွဲ့က ဦးခေါင်းကို ရိုက်နှက်တာ၊ လဲကျသွားချိန်မှာ မျက်နှာကို ဖိနပ်နဲ့တက်နင်း ကန်ကျောက်တာတွေ လုပ်ခဲ့တယ်လို့ ကိုကျော်ဇေဝင်း က ပြောပါတယ်။

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စစ်အာဏာရင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေမှာလည်း သတင်း မှတ်တမ်းရယူနေတဲ့ သတင်းထောက်တွေကို ရဲနဲ့စစ်တပ်က လောက် လေးခွနဲ့ ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ မြစ်ကြီးနားအခြေစိုက် သတင်းထောက်တွေက ပြောပါတယ်။

ဧရာ၀တီတိုင်း ပုသိမ်မြို့မှာတော့ ဆန္ဒပြပွဲကနေ သတင်းယူပြီးပြန်လာတဲ့ သတင်းထောက်တွေရဲ့နောက်ကို အရပ်ဝတ်နဲ့စစ်ထောက်လှန်းရေးတွေက နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့်နေတယ်လို့ အမည်အဖော် လိုတဲ့ ပုသိမ်မြို့အခြေစိုက် အလွတ်သတင်းထောက်တစ်ဦးက ပြောပါတယ်။

ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေအကြောင်း သတင်းမှတ်တမ်း ရယူနေတဲ့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်တာဟာ သတင်းအမှောင်ချဖို့ကြိုးစားတဲ့ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ Fortify Rights အဖွဲ့က လူ့အခွင့်အရေးလှုပ်ရှားသူ ကိုနစ်ကီဒိုင်းမွန်းက ‌ဝေဖန်ပါတယ်။

ဒီလုပ်ရပ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက သိအောင်လုပ်ဆောင်ဖို့လိုပြီး ပြစ်မှု ကျူးလွန်သူတွေ တာ၀န်ခံမှုတာဝန်ယူမှုရှိလာအောင် အရေးယူအပြစ်ပေးရမယ်လို့လည်း ကိုနစ်ကီဒိုင်းမွန်းက ဆိုပါတယ်။

စစ်ပွဲတွေမှာဖြစ်စေ အဓိကရုန်းတွေမှာဖြစ်စေ သတင်းမှတ်တမ်းရယူနေတဲ့သတင်းထောက်တွေကို ဖမ်းဆီးတာ ပစ်မှတ်ထားတိုက်ခိုက်တာကို နိုင်ငံတကာဥပဒေအရရော တည်ဆဲပြည်တွင်းဥပဒေမှာပါ ခွင့်ပြုမထားဘူး လို့လည်း ကိုနစ်ကီဒိုင်းမွန်းက ဖြည့်စွက်ပြောကြားသွားပါတယ်။

RFA Burmese



ပျဉ်းမနားဆန္ဒပြပွဲမှာ သတင်းသမားတွေကို အင်အားသုံးဖမ်းဆီးဖို့ ကြိုးစား ပျဉ်းမနားဆန္ဒပြပွဲမှာ သတင်းသမားတွေကို အင်အားသုံးဖမ်းဆီးဖို့ ကြိုးစား Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.