ကမ္ဘာ့နိုင်ငံတွေ အကြီးအကျယ် ဒေါသထွက်နေကြတယ်ဆိုတာ သံသယ ဖြစ်စရာမရှိဘူးလို့ ဗြိတိသျှသံအမတ်ကြီးပြော

တပ်မတော်ရဲ့ အာဏာသိမ်းမှုအပေါ် ယူကေအစိုးရရဲ့ တုံ့ပြန်မှု၊ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ယူကေက ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေသလဲ ဆိုတဲ့အကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး ဒန်ချက် က BBCNewshour ကို ပြောကြားခဲ့ချက်

“သီတင်းပတ် အစောပိုင်းကတည်းက ယူကေအစိုးရအနေနဲ့ ကမ္ဘာတဝန်းက နိုင်ငံတွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ အားသွန်ခွန်စိုက် လုပ်နေပါတယ်။ ယူကေနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အခုလမှာ တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်တာနဲ့အညီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံစလုံးက တညီတညွတ်တည်း သဘောတူတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ ထိန်းသိမ်းထားသူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီ အဖွဲ့အစည်းနဲ့ လုပ်ငန်းစဉ်တွေကို လေးစားလိုက်နာဖို့ တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါတယ်။ 

အခုလို မြန်မာနိုင်ငံအရေးကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံး တညီတညွတ်တည်း ကြေညာချက်ထုတ်ပြန်တာဟာ ၂၀၀၈ ခုနှစ်ကတည်းက ဆိုရင် ဒါဟာ ပထမဆုံးဖြစ်ပါတယ်။ ဒီကြေညာချက်မှာ တရုတ်နဲ့ ရုရှားကပါ ပါဝင်လာတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက သိပ်ကို အရေးကြီးတယ်ဆိုတာကို ယူကေ တင်မက ကမ္ဘာ့နိုင်ငံတွေကပါ ရှုမြင်ယူဆလာတာကို ဖော်ပြနေတာပါ။ 

တခါ လုံခြုံရေးကောင်စီတင်မက G7 ကမ္ဘာ့ထိပ်သီးစက်မှု ၇ နိုင်ငံအဖွဲ့မှာလည်း ယူကေနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတာမို့G7 မဟာမိတ်နိုင်ငံတွေနဲ့ အတူပူးပေါင်း ဆောင်ရွက်နေပြီး စစ်အာဏာသိမ်းမှုကို ရှုတ်ချပြစ်တင်တဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ခဲ့ပါတယ်။ ဒီတော့ အခု သီတင်းတစ်ပတ်လုံးမှာ ယူကေအစိုးရဟာ မိတ်ဘက်နိုင်ငံတွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေအများကြီး လုပ်ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် သူတို့တွေ အကြီးအကျယ် ဒေါသ အမျက်ထွက်နေကြတယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး"


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ကမ္ဘာ့နိုင်ငံတွေ အကြီးအကျယ် ဒေါသထွက်နေကြတယ်ဆိုတာ သံသယ ဖြစ်စရာမရှိဘူးလို့ ဗြိတိသျှသံအမတ်ကြီးပြော ကမ္ဘာ့နိုင်ငံတွေ အကြီးအကျယ် ဒေါသထွက်နေကြတယ်ဆိုတာ သံသယ ဖြစ်စရာမရှိဘူးလို့ ဗြိတိသျှသံအမတ်ကြီးပြော Reviewed by THITHTOOLWIN on 23:13 Rating: 5

No comments:

Powered by Blogger.