နေပြည်တော် အဖမ်းခံရသူ ၄၀ ကျော်ထဲက ကလေး ၂၇ ဦး ပြန်လွတ်

နေပြည်တော် အဖမ်းခံရသူ ၄၀ ကျော်ထဲက ကလေး ၂၇ ဦး ပြန်လွတ် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထက (၁၄) ကျောင်းသူ၊ ကျောင်းသားတွေ စစ်အာဏာဆန့်ကျင်ရေး ၂၀၂၁ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆန္ဒပြခဲ့စဉ် / Photo: RFA

ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာ အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားစစ်ကြောင်း ကို ရဲနဲ့ စစ်တပ်က ဝန်းရံပိတ်ဆို့ပြီးတဲ့နောက် အသက် ၁၈ နှစ်အောက် ကလေးတွေအပါအဝင် ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ‌ရွှေကြာပင်ရပ်ကွက် အထက (၁၄) က ကျောင်းသားဟောင်းတွေနဲ့ လက်ရှိ ပညာသင်ကြားနေတဲ့ အထက်တန်းကျောင်းသူ/သားတွေ ပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ မနက် ၇ နာရီလောက်က ရွှေကြာပင်ကနေ စထွက်ပြီး လူစည်ကားရာ သပြေကုန်းဈေး၊ ကျောက်စိမ်းပြတိုက်နဲ့ အဆင့်မြင့်ဈေးအနီးကို လမ်းလျောက်ချီတက်ခဲ့ကြပါတယ်။

အဲဒီသပိတ်စစ်ကျောင်းမှာ ၇ တန်းကနေ ၉ တန်းအထိ အသက် ၁၈ နှစ်အောက် ကလေးတွေလည်း ပါဝင်တာမို့၊ ဆန္ဒပြအပြီးမှာ အိမ်ပြန်ဖို့ ခေတ္တနားနေစဉ် တင့်ကားတစ်စီး အပါအဝင် ရဲကားနဲ့ စစ်ကား ၅ စီးရောက်လာပြီး ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော်ကို နေပြည်တော် အချုပ်ထောင်ဆီ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

“ကျမသားက လုံးဝ အ အလေး၊ ဘာမှ မသိတဲ့ ကလေးလေး”

ဒီကနေ့ အဖမ်းခံလိုက်ရတဲ့ အထက်တန်း ကျောင်းသားတစ်ဦးရဲ့ မိခင်ပြောပြသွားတာပါ။

အဖမ်းခံရတဲ့ ကျောင်းသူ၊ ကျောင်းသားတချို့က မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေကို သူတို့ အဖမ်းခံရကြောင်း ဖုန်းဆက်ပြောပြတဲ့အတွက် မိဘတွေ၊ ညီအကိုမောင်နှမတွေနဲ့ ဆွေမျိုးသားချင်းတွေက ရပ်ကွက်ထဲက လူတွေ ကိုစုပြီး ဆိုင်ကယ်တွေ ကားတွေနဲ့ နေပြည်တော် အချုပ်ထောင်ကြီးဆီ အပူတပြင်း လိုက်လာခဲ့ကြပါတယ်။

နေ့လယ် ၁၂ နာရီကျော်လောက်မှာတော့ ကျောင်းသူ၊ ကျောင်းသားတွေကို ဖမ်းဆီးထားတဲ့ အချုပ်ထောင်ကြီး ရှေ့ကို လူတစ်သောင်းခန့်ရောက်ရှိလာပြီး ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ အော်ဟစ် တောင်းဆိုခဲ့ကြ ပါတယ်။

ထောင်ကို ဝန်းရံထားတဲ့လူအုပ်ထဲမှာ အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ ရှေ့နေတစ်ချို့လည်း လိုက်ပါလာပြီး ကလေးတွေ အပါအဝင် ဖမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ထောင်ပိုင်ကြီးနဲ့ ညှိုနှိုင်းခဲ့ပေမယ့် မြန်မာ စံတော်ချိန် ညနေ ၄ နာရီ‌ကျော်တဲ့အထိ အဆင်မပြေသေးပါဘူး။

အချုပ်ထောင်ရှေ့ရောက်လာတဲ့ လူအုပ်ကြီးကို အပြင်မှာ အချိန်အကြာ စောင့်ခိုင်းထားပြီး ကလေးတွေကို အခုချိန်ထိ ပြန်လွှတ်မပေးသေးဘူးလို့ ညီဖြစ်သူအဖမ်းခံထားရတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကို ဒီလိုနေလှန်းထားတာ အရမ်းကြာနေပြီ၊ လူကြီးလာမယ်ဆိုလို့ ကျနော်တို့ စောင့်နေတာ နှစ်နာရီ၊ သုံးနာရီ‌ ကျော်နေပြီ၊ အခုချိန်ထိ ဘာအကြောင်းမှ မကြားဘူး၊ ဘယ်သူမှလည်း ရောက်မလာဘူး၊ ကျနော်တို့ စကားသွားပြောကြည့်တဲ့အခါ သူတို့နဲ့ မဆိုင်တာကို သူတို့ မဖြေနိုင်ပါဘူးဆိုပြီး နောက်ကို ပြန်ထွက်သွားတယ်ခင်ဗျ၊”

အခု အဖမ်းခံထားရသူတွေထဲမှာ ကျောင်းသူ၊ ကျောင်းသားတွေသာမက CDM လုပ်နေတဲ့ ဝန်ထမ်း ရှစ်ဦး ပါဝင်ပြီး၊ မိန်းကလေးတစ်ဦးနဲ့ အမျိုးသား ခုနစ်ဦးဖြစ်တယ်လို့ နေပြည်တော် အချုပ်ထောင်ရှေ့ရောက်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကလေးတွေနဲ့အတူ အဖမ်းခံထားရတဲ့ အသက် ၂၂ အရွယ် အထက-၁၄ ကျောင်းသားဟောင်း တစ်ဦးရဲ့ မိခင်ကတော့ အပစ်မရှိတဲ့ ကလေးတွေကို မတရားဖမ်းဆီးထားတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“ကလေးလေးတွေက ငယ်ငယ်လေးတွေ၊ ကလေးတွေက လက်နက်မရှိဘူး၊ သူတို့က လူကြီးတွေ၊ သူတို့မှာ လက်နက်ရှိတယ်၊ စဉ်းစားကြည့်လေနော်၊ ဒီကလေးတွေက သူတို့ကို ဘာလုပ်နိုင်မှာမို့လဲ၊ သူတို့ကို ဆဲနေလို့လား၊ သူတို့ကို ရမ်းရမ်းကားကား ပြောနေလို့လား။ ကလေးတွေမှာ ဒုတ်တစ်ချောင်းတောင် မပါဘူး၊ ဒီလိုဖမ်းတာကတော့ လွန်သွားပြီပေါ့နော်၊ ဒီလို အချုပ်ထောင်ဆိုတာ ကလေးတွေ ရောက်ကောင်း တဲ့နေရာလည်း မဟုတ်ဘူး၊ ဒီလို လမ်းဘေးမှာထိုင်နေတဲ့ ကလေးတွေကိုဖမ်းပြီး အချုပ်ထောင်ထဲ ထည့်တယ်ဆိုတာ လူမဟုတ်တော့ဘူး၊ တကယ်လို့ သူတို့သားသမီးတွေဆိုရင် သူတို့ ဒီလိုထည့်နိုင် ပါ့မလား”

အခု မြန်မာစံတော်ချိန် ညနေ လေးနာရီခွဲကျော်ကျော်လောက်မှ‌ာတော့ ဖမ်းထားသူ ၄၀ ကျော်ထဲက အသက် ၁၈ နှစ်အောက် အထက်တန်းကျောင်းသား ၂၇ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အသက် ၂၀ ကျော် ကျောင်းသားဟောင်းတချို့နဲ့ CDM လှုပ်ရှားမှုလုပ်နေတဲ့ ဝန်ထမ်း ရှစ်ဦးအပါအဝင် စုစု‌ပေါင်း ၁၀ ယောက်ကျော်ကိုတော့ နေပြည်တော် အချုပ်ထောင်မှာ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

ဒီကနေ့ စစ်အာဏာသိမ်း ၁၅ ရက်မြောက်တဲ့နေ့မှာ ဖိနှိပ်မှုတွေများလာတဲ့ကြားကပဲ အာဏာဖီဆန်ရေး ကျောင်းသားဆန္ဒပြမှုတွေနဲ့ အင်ဂျင်နီယာတွေ အပါအဝင် ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေဟာလည်း လျော့ကျမသွားဘဲ အရှိန်မြင့်လာတာကို မြင်တွေ့ရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/npt-students-released-02152021091937.html

နေပြည်တော် အဖမ်းခံရသူ ၄၀ ကျော်ထဲက ကလေး ၂၇ ဦး ပြန်လွတ်  နေပြည်တော် အဖမ်းခံရသူ ၄၀ ကျော်ထဲက ကလေး ၂၇ ဦး ပြန်လွတ် Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.